ကမ္ဘာကျော်အဝတ်အထည်ကုမ္ပဏီ၂၀ကျော် မြန်မာမှာအထည်ချုပ်ဖို့ အပ်နှံတာရပ်

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မကြာသေးခင်ကပဲ ကမ္ဘာကျော် အဝတ်အထည် ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀ ကျော် ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံနေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ISP-Myanmarက ထုတ်ပြန်ပါတယ်။

အဲဒီကုမ္ပဏီ၂၀ကျော်ထဲမှာဆွီဒင်နိုင်ငံက H&M၊ စပိန်နိုင်ငံက Inditexနဲ့ ဗြိတိန်နိုင်ငံက Primark တို့ပါဝင်တယ် လို့သိရပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့ အထည်ချုပ်စက်ရုံတွေအတွက် အကြီးမားဆုံးထိုးနှက်ချက်ဖြစ်ပြီး မြို့ပြလုပ်သားတွေအတွက် အလုပ်လက်မဲ့ဦးရေကို သိသာစွာမြင့်တက် လာစေတယ်လို့ စက်ရုံတည်ဆောက်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

‘ကျွန်တော်တို့လုပ်ငန်းရှင်တွေလည်း အလုပ်သစ်မရှိတာအာဏာသိမ်းသက်တမ်းတစ်လျှောက်လုံးပဲ။အထည် ချုပ်စက်ရုံတွေလည်း ပိတ်လိုက်တာတစ်ခုပြီးတစ်ခုကြားနေရတယ်။အလုပ်ရှိနေသေးတဲ့သူတွေလည်း ကိုယ့် အလုပ်မပိတ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။မင်းအောင်လှိုင်မပြုတ်မချင်းအားလုံးခက်ပြီးရင်းခက်နေကြ မှာပဲ’ လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားကြတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတချို့ အာဏာသိမ်းပြီး နောက်ပိုင်း ပြန်လည်ထွက်ခွာသွားကြတာဟာ လုပ်ငန်းပေါင်း ၂၁ ခုအထိ ရှိလာပြီ ဖြစ်ပြီး ထွက်ခွာသွားတဲ့ လုပ်ငန်းတွေအနက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံးကတော့ အခြေခံ အဆောက်အဦကဏ္ဍ ဖြစ်တယ်လို့ ISP-Myanmar ကဆိုပါတယ်။

အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ရတဲ့ ကုမ္ပဏီ မှတ်ပုံတင် အရေအတွက်လည်း ဆက်လက် ကျဆင်းနေပြီး သြဂုတ်မှာ မှတ်ပုံတင်တဲ့ ကုမ္ပဏီ အရေအတွက် ၃၆၀ သာ ရှိတာကြောင့် ဇူလိုင်နဲ့ နှိုင်းယှဉ်ရင် ၇၃ ခု လျော့ကျသွားတယ်လို့သိရပါတယ်။

အာဏာမသိမ်းခင် ဇန်နဝါရီနဲ့ နှိုင်းယှဉ်ရင် သြဂုတ်မှာ ကုမ္ပဏီ မှတ်ပုံတင် အရေအတွက် လေးဆနီးပါး ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။