နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ အိုမီခရွန် မျိုးကွဲသစ် တွေ့နေပြီလို့ WHO ပြော

၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။

တောင်အာဖရိက ကနေ  ပြန့်ပွားလာခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ အခုအခါ နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ တွေ့ရှိနေပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

လက်ရှိမှာ အိုမီခရွန်မျိုးကွဲသစ်အတွက် စောင့်ကြည့်လေ့လာတာတွေ ပြုလုပ်နေပေမယ့် အရင် မျိုးကွဲတွေထက် ကူးစက်နိုင်ခြေ များပြားနိုင်တယ်လို့သာ ကနဦး သိရှိရသေးပါတယ်။ 

ဒါပေမဲ့ WHO ကတော့ အိုမီခရွန်ဟာ ကူးစက်နိုင်ခြေများပေမယ့် ဒယ်လ်တာ မျိုးကွဲထက် ပျော့ပျောင်းတဲ့ သဘောရှိတယ်လို့ ခန့်မှန်းသုံးသပ်ထားပါတယ်။ 

ဒီသုံးသပ်ချက်အပေါ်မှာတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက သူတို့ ရရှိထားတဲ့ အထောက်အထားတချို့ကို အခြေခံပြီး ပြောပြလာခဲ့တာပါ။ 

အိုမီခရွန်နဲ့ ပတ်သက်လို့ ဒီထက်မိုမိုတဲ့ အချက်အလက်တွေကို ရှာဖွေလေ့လာဖို့ လိုအပ်သေးသလို မျိုးကွဲသစ်ဟာ ပျော့ပျောင်းတဲ့ သဘောရှိပေမယ့် မြင့်မားတဲ့ ကူးစက်မှုအခြေအနေတွေကြောင့် ကျန်းမာရေးစနစ် ယိုယွင်းသွားနိုင်ပြီး လူသေဆုံးတာတွေတော့ ရှိလာနိုင်တယ်လို့ ထပ်မံအသိပေးခဲ့တာပါ။

“တောင်အာဖရိကက ရရှိထားတဲ့ အချက်အလက်တချို့အရ အိုမီခရွန်ကူးစက်မှုတွေဟာ ပိုများလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒယ်လ်တာမျိုးကွဲထက် ပျော့ပျောင်းနိုင်တယ်”လို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ  ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့က ပြောကြားခဲ့ပါတယ်။