ကိုဗစ် မျိုးကွဲသစ် အိုမီခရွန်ကို WHO က အန္တရာယ်များတဲ့ ဗိုင်းရပ်စ်အဖြစ် သတိပေး

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

တောင်အာဖရိက နိုင်ငံက ကူးစက်မြန် ကိုဗစ်မျိုးကွဲသစ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အန္တရာယ်များတဲ့ ဗိုင်းရပ်စ်အဖြစ် သတိပေးထားပါတယ်။

လက်ရှိမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ရဲ့ သက်ရောက်နိုင်မှုကို WHO ရဲ့ ကျန်းမာရေးအဖွဲ့တွေက အကဲဖြတ်စောင့်ကြည့်သွားမှာဖြစ်ပြီး နောက်ဆက်တွဲထုတ်ပြန်ချက်တွေကို အသိပေးသွားမှာပါ။

WHO က အိုမီခရွန်ဟာ အရင်က ဖြစ်ပေါ်ခဲ့တဲ့ မျိုးကွဲတွေထက် ကူးစက်မြန်စေလို့ အန္တရာယ်ပိုများမယ့် မျိုးကွဲသစ်အဖြစ် ကနဦး သတ်မှတ်ထားပါတယ်။

နိုင်ငံကြီးအများစုကတော့ အိုမီခရွန်မျိုးကွဲသစ် ပေါ်ပေါက်လာအပြီးမှာ ခရီးသွားကန့်သတ်ချက်တွေ ပြုလုပ်ပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေကြပါပြီ။

WHO ရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ချိန်ကတည်းက ပြုလုပ်ခဲ့ကြတဲ့ အခြေခံကျန်းမာရေး အသိတွေနဲ့ နေထိုင်ပြီး ကာကွယ်ကြဖို့ ထပ်မံ အသိပေးထားပါတယ်။

လက်ရှိမှာ အမေရိကန် အပါအဝင် ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က အာဖရိကနိုင်ငံတွေနဲ့ ခရီးသွားလာမှုတွေ လမ်းကြောင်းတွေကို ကန့်သတ်ထားလိုက်ပြီဖြစ်ပါတယ်။

အိုမီခရွန် မျိုးကွဲသစ်နဲ့ ပတ်သက်ပြီး သက်ရောက်မှုတွေအတွက် လက်တလောမှာ ခန့်မှန်းမှုတွေ ပြုလုပ်နေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ကူးစက်မြန်ရောဂါ၊ အန္တရာယ်များတဲ့ ရောဂါအဖြစ် အသိပေးထားပါသေးတယ်။

လာမယ့်နှစ်မတ်လအထိ WHO ရဲ့ ခန့်မှန်းချက်မှာ လူပေါင်း ၇ သိန်းကျော်အထိ ကိုဗစ်ကြောင့် သေဆုံးနိုင်မယ်ဆိုတဲ့ ခန့်မှန်းမှုဟာ ထပ်မံတွေ့ရှိလာတဲ့ မျိုးကွဲသစ် အိုမီခရွန်ကြောင့် ပိုမိုဆိုးရွားလာဖွယ် ရှိနေပါတယ်။

WHO ကတော့ ကာကွယ်ဆေးထိုးနှုန်းတွေကို မြှင့်တင်ပြီး ကိုဗစ်နဲ့ ပတ်သက်တဲ့ အခြေခံကျန်းမာရေးအသိတွေနဲ့သာ နေထိုင်ဖြတ်သန်းဖို့ အကြိမ်ကြိမ် သတိပေးနေခဲ့ပါတယ်။