၂၂၊ အောက်တိုဘာလ၊ ၂၀၂၁။
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နဲ့ပုလဲမြို့က နယ်မြေခံရဲတွေဟာ ဧည့်စာရင်းအပါအဝင် ပြည်သူကိုခြိမ်းခြောက် မှုမျိုးစုံနဲ့ ငွေညှစ်နေကြတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့အချို့ရဲ့သတင်းပေးပို့မှုတွေအရ နယ်မြေခံရဲတွေကို မြို့နဲ့၅မိုင်ပတ်လည်အတွင်းကရွာတွေအထိ လုံခြုံ ရေး တာဝန်ယူခိုင်းထားပြီး ၅မိုင်ပတ်လည်ရဲ့အပြင်ဘက်ဧရိယာကို စစ်တပ်က တာဝန်ယူတယ်လို့ ယင်းမာပင်မြို့နယ် အတွင်းရှိ ပြောက်ကျားခေါင်းဆောင်တစ်ဦးကပြောပါတယ်။
‘ဧည့်စာရင်းစစ်တယ်၊ဧည့်စာရင်းမတိုင်ထားတဲ့ ဧည့်သည်မိရင် ပိုက်ဆံတောင်းတယ်။ကြောက်တတ်တဲ့ အိမ်ရှင်တွေကို ဧည့်စာရင်းစစ်ရင်းဖုန်းပါယူစစ်တယ်။နိုင်ငံရေးနဲ့ပတ်သက်တာနည်းနည်းတွေ့တာနဲ့ ခြိမ်းခြောက် ပြီးငွေညှစ်တယ်။မျောတိုင်တွေတွေ့ရင် တော်လှန်ရေးအတွက် တစ်ခုခုလုပ်မှာလိုလိုနဲ့ သိမ်းပြီးပြန်ရောင်းစား တယ်။ကျွန်တော်သိတဲ့နှစ်ယောက်ကတော့ ဧည့်စာရင်းကိစ္စအကြောင်းပြချက်နဲ့ တစ်ယောက်က ၂သိန်း၊နောက် တစ်ယောက်က၄သိန်းပေးလိုက်ရတယ်’လို့ သူကပြောပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာလည်း ရဲတပ်ဖွဲ့ဝင်တွေဟာ ဖုန်းကိုသာအဓိကစစ်ဆေးပြီး ဖုန်းထဲမှာ နိုင်ငံရေးအကြောင်း ရေးထားတာတွေ့ရင် ဖမ်းဆီးငွေညှစ်ကြောင်းသိရပါတယ်။
‘ရဲတွေက လူကိုဖမ်းချင်တာမဟုတ်ဘူး။ငွေလိုချင်တာ၊သူတို့ကနိုင်ငံရေးဆိုတာကို ငွေညှစ်စရာဂွင်တစ်ခုလို့ သဘော ထားတာ၊ယင်းမာပင်မှာရော ပုလဲမှာရော ဒီအတိုင်းပဲ’လို့ သူကဆက်ပြောပါတယ်။
မြို့ပေါ်က ငွေကြေးကြွယ်ဝတဲ့ လုပ်ငန်းရှင်တွေကိုလည်း နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီး ငွေညှစ်နေတယ်လို့ ထင်ကြောင်းလည်းသူကပြောပါတယ်။
‘သူဌေးတွေကိုဖမ်းသွားတယ်လို့ကြားတယ်။နောက်တစ်ရက်ပြန်လွတ်လာတယ်။သူဌေးတွေကလည်း သူတို့ ပိုက်ဆံဘယ်လောက်ပေးလိုက်ရတယ်လို့ ပြောရင် ထပ်အဖမ်းခံရမှာရော ရှက်တာရောကြောင့်မပြောဘူး။ဒါပေမဲ့ ရဲကငွေညှစ်တာကို ပေးလိုက်လို့ ပြန်လွတ်လာတာလို့ မြို့ခံတွေက ယုံကြည်ကြတယ်’လို့ သူကဆက်ပြောပါတယ်။