တိုက်ပွဲဝင် သမ္မတကြီး

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။

ပြည်သူ့အာဏာကို မင်းအောင်လှိုင်တို့တစ်စု လုယက်ပြီး သိပ်မကြာမီ လူမှုကွန်ရက်ပေါ်သတင်းတစ် ပုဒ် တက်လာခဲ့ ဖူးပါတယ်။မင်းအောင်လှိုင်က သူအာဏာမသိမ်းမီ ၂ရက်၊၃ရက်လောက်မှာ သမ္မတကြီးနဲ့ ဒေါ် အောင်ဆန်းစုကြည်ထံ လူလွှတ်ပြီး သူ့ကိုသမ္မတရာထူးပေးဖို့ တောင်းခိုင်းလေသတဲ့။

အတည်ပြုလို့မရတဲ့သတင်းလည်းဖြစ်ပြန်၊ဘယ်လိုမှမဖြစ်နိုင်တဲ့ သမ္မတရာထူးတောင်းခန်းလည်းဖြစ် ပြန်ဆိုတော့ မင်းအောင်လှိုင်ဒီလောက်မျက်နှာပြောင်ပါ့မလားဆိုတဲ့မေးခွန်းကထွက်ပေါ်လာပါတယ်။ဒါပေမဲ့၊ သူမလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့ အရှက်သိက္ခာကင်းတဲ့ လူမိုက်စကားကိုလည်း လူလူသူသူရှေ့ပြောထားပြန်၊ အမှန်တကယ်လည်း လက်ရဲဇက်ရဲ အာဏာသိမ်းခဲ့ပြန်ဆိုတော့ သမ္မတရာထူးလည်းတောင်းရဲမှာပဲဆိုပြီး ထပ် တွေးရပြန်ပါတယ်။

ဒီဘက်နောက်ပိုင်းကျတော့ NLDအတွင်းစည်းနားက ဦးဘိုဘိုဦးက ကျနော်တို့ကြားခဲ့ဖူး တဲ့သတင်း အတိုင်းမင်းအောင်လှိုင် အာဏာလာ တောင်းတာလို့ တရားဝင်ပြောကြားခဲ့ပြီး သမ္မတရာထူးမပေးနိုင်ဘူးလို့ အပြတ်ပြောလိုက်တဲ့အခါကျမှ မဲမသ မာမှုဆိုတဲ့ဇာတ်ညွှန်းရေးပြီး အာဏာသိမ်းလိုက်တာလို့ သိပ်မကြာသေး ခင်ကပြောခဲ့ပါတယ်။

အဲဒီလိုသေချာသွားတဲ့အချိန်ရောက်တော့မင်းအောင်လှိုင်ရဲ့သမ္မတတောင်းခန်းကို ဘယ်ပြည်သူကမှ မအံ့ဩတော့ပါဘူး။ဘာလို့မအံ့ဩတော့တာလဲဆို တော့ မင်းအောင်လှိုင်ဟာ သူ့ကိုဆန့်ကျင်သူမှန်သမျှကို ပြောင်ပြောင်တင်းတင်းသတ်နေရုံတင်မက ဖမ်းဆီး မိသူအချို့ကို နေ့ချင်းပြီးရိုက်သတ်ရဲတဲ့အထိ သားသတ်သ မားဖြစ်နေပြီမို့ပါပဲ။မင်းအောင်လှိုင်တပ်တွေဟာ မြို့တွေရွာတွေကိုလည်း မီးလောင်တိုက်သွင်းတယ်။ပြည်သူ ကိုသတ်ပြီးပြည်သူ့စည်းစိမ်ကိုလုတယ်ဆိုတော့ သူပြောခဲ့သလို မလုပ်ရဲတာဘာမှမရှိအောင်ကမ်းကုန်ခဲ့ပြီ ပေါ့။

ဒါပေမဲ့၊မင်းအောင်လှိုင်ဟာ NLD ပဲ မဲမသမာမှုကျူးလွန်သလိုလို သူရေးခဲ့တဲ့ဇာတ်ညွှန်းကို ဘယ်ပြည် သူမှမယုံမှန်းသိပေမဲ့ သူ့ကိုယ်သူအယုံသွင်းဖို့ အထပ်ထပ်ရေရွတ်ပါတယ်။ပြီးတော့ သူ့အပေါ်မယုံကြည်မှုမြင့် တက်နေပြီဖြစ်တဲ့ စစ်တပ်ကိုအယုံသွင်းဖို့အတွက်လည်း အထပ်ထပ်ရွတ်ခဲ့ပါတယ်။သူက ဒီလိုသာ ရွတ်နေခဲ့ တာ၊ဘယ်နေရာမှာ ဘယ်လိုမဲမသမာမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမပြနိုင်ပါဘူး။ဘယ်သူက မဲမသမာမှုကျူးလွန်သလဲဆိုတာကိုလည်း ထုတ်မပြောနိုင်ပါဘူး။မြို့နယ်တော်တော်များများမှာ မဲမသမာမှု ကျူးလွန်ခဲ့တာလိုလို သူတို့ပြောခဲ့ပေမဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကတာဝန်ရှိသူတွေကိုကျ ခဏတဖြုတ် ဖမ်းထားပြီး ပြန်လွှတ်ပေးရပြန်ပါတယ်။

မင်းအောင်လှိုင်ပြောသမျှကို သူ့လူလက်တစ်ညှိုးစာကလွဲ ဘယ်ပြည်သူကမှမယုံသလို နိုင်ငံတကာအ သိုင်းအဝိုင်းလည်းမယုံ၊သူ့အားကိုးအားထား အာဆီယံကတောင် အယုံအကြည်မရှိလို့ အာဆီယံဘုံသဘောတူ ညီချက်၅ရပ်ထွက်ပေါ်လာခဲ့တာပါ။

မင်းအောင်လှိုင်ကိုမယုံသလောက် ပြည်သူတွေကိုတော့ တစ်ကမ္ဘာလုံးက ယုံကြပါတယ်။ပြီးတော့ မကြာသေးမီက တရားရေးရင်ပြင်မှာ တိုက်ပွဲဝင်ခဲ့တဲ့ ကျနော်တို့ သမ္မတကြီးဦးဝင်းမြင့်ရဲ့ ရဲရဲတောက်အမှန် တရား နိုင်ငံတကာမီဒီယာတွေထက် ခုန်တက်ခဲ့ခြင်းကလည်း မင်းအောင်လှိုင်ရဲ့အလိမ်အညာကိုမယုံကြောင်း သက်သေကောင်းပါပဲ။

တရားရုံးမှာသမ္မတကြီးဘာတွေထွက်ဆိုခဲ့ပါသလဲ။ဖေဖေါ်ဝါရီ၁ရက်နေ့၊မနက်၅နာရီလောက်မှာ နိုင်ငံတော်ရဲ့အထွတ်အထိပ်အာဏာပိုင်သမ္မတအိမ်တော်တစ်ဝန်းလုံးမှာ ကျက်သရေကင်းမဲ့လှတဲ့ အကြမ်း ဖက်တိုက်ဖျက်ရေးယူနီဖောင်းဝတ်စစ်သားတွေပြည့်နှက်နေပါပြီ။ပြီးတော့စစ်သားတွေက ဉီးဝင်းမြင့်ကို သ မ္မတရုံးခန်းကိုခေါ်သွား၊စစ်တပ်ဗိုလ်ချုပ်၂ယောက်က ကျန်းမာရေးအကြောင်းပြပြီး သမ္မတရာထူးကနေနုတ် ထွက်ပေးဖို့ပြောတယ်။သမ္မတကြီးက ကျန်းမာရေးကောင်းနေတဲ့အကြောင်းနဲ့မနုတ်ထွက်ပေးနိုင်ကြောင်းပြော လိုက်တော့ ‘ပုဂ္ဂိုလ်ရေးထိခိုက်မှုတွေရှိလာနိုင်လို့ ပြန်စဉ်းစားပါ’လို့ သေနတ်သမားက ခြိမ်းခြောက်တယ်။သ မ္မတကြီးက ‘နုတ်ထွက်မပေးနိုင်ဘူး၊အသေခံမယ်’လို့ ပြန်ပြောလိုက်တယ်။

အဲဒီနောက်မှာတော့ သမ္မတအိမ်တော်ကို သေနတ်တွေနဲ့ချိတ်ပိတ်လိုက်တယ်။နောက်၃ရက်အကြာ ဝန်ကြီးရပ်ကွက်ထဲက အိမ်တစ်လုံးဆီ ရွှေ့ရ၊ပြီးတော့ ဘယ်နေရာမှန်းမသိတဲ့နောက်တစ်နေရာမှာ ဒီနေ့ထိ တိုင်။မင်းအောင်လှိုင်က သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထားသလဲလို့ မပြောရဲအောင် ကြောက် နေကြတာပါ။

ကျနော်တို့ရဲ့ပြည်သူရွေးကောက်ခံသမ္မတကြီးဟာ ‘နုတ်ထွက်မပေးနိုင်ဘူး၊အသေခံမယ်’ဆိုပြီး သူ့အ သက်၊သူ့မိသားစုအသက်နဲ့ရင်းပြီး ပြည်သူတွေအပ်နှင်းထားတဲ့တာဝန်ကိုကျေပွန်ခဲ့သလို အခုလည်း ကိုယ့်ကို ဘယ်နေရာမှဖမ်းထားသလဲမသိတဲ့အနေအထားမျိုးမှာတောင် တရားရုံးမှာ အမှန်တရားအတွက်ဆက်လက် တိုက်ပွဲဝင်ခြင်းဖြစ်ပါတယ်။

သမ္မတကြီးရဲ့ တိုက်ပွဲခေါ်သံဟာ နိုင်ငံတကာအထိ ရိုက်ခတ်ခဲ့တယ်။သမ္မတကြီးရဲ့တိုက်ပွဲဝင်စကားအ ရ မင်းအောင်လှိုင်နဲ့အပေါင်းအပါတစ်စုဟာ သမ္မတကြီးကျန်းမာရေးကောင်းနေလျက်နဲ့ သေနတ်အားကိုးပြီး အာဏာလုယက်ခဲ့တာ အချက်အလက်ခိုင်မာစေခဲ့တယ်။သမ္မတကြီးဟာ အရေးပေါ်အခြေအနေကြေညာ ကြောင်းလက်မှတ်မထိုးပေးခဲ့ဘူး၊ရာထူးကနေနုတ်မထွက်ပေးခဲ့ဘူးဆိုတာ ပေါ်လွင်စေခဲ့တယ်။

ပြောရရင် သမ္မတကြီးဟာ ဖမ်းဆီးချုပ်နှောင်ခံ ထားရတဲ့အနေအထားမှာတောင် အာဏာရှင်တွေကို ဆန့်ကျင်တိုက်ပွဲဝင်နေတယ်လို့ သူ့ပြည်သူနဲ့သူ့ပါတီထံ သတင်းပေးပို့လိုက်တာပါပဲ။သမ္မတကြီးလိုပဲ ဧရာဝတီ တိုင်းအမျိုးသားလွှတ်တော်အမတ် မန်းဂျော်နီဟာ အသက်၈၀ရှိပြီဖြစ်ပေမယ့် အာဏာရှင်ကိုတော်လှန်ဖို့ သေ နတ်ကိုင်နေပါတယ်။

သမ္မတကြီးက အဲဒီလိုတိုက်ပွဲဝင်နေချိန်၊မန်းဂျော်နီက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေချိန်နဲ့ တိုက်ဆိုင်စွာပဲ ပြည်သူအပ်နှင်းထားတဲ့ လွှတ်တော်အမတ် တာဝန်ကို အိုးမဲသုတ်နေတဲ့ ၂၀၂၀ရွေးကောက်ခံ NLDအမတ်တချို့ရဲ့ အရှက်သိက္ခာကင်းမဲ့မှုကိုလည်း တွေ့နေ ရပါတယ်။အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆောင် ရွက်ချက်တွေနဲ့ လုံးဝမပတ်သက်၊CRPHနဲ့မပတ်သက်၊NUGနဲ့မပတ်သက်ဘူးလို့ ခံဝန်ထိုးလိုက်တာဟာ ကျ နော်ကြောက်ပါပြီဗျလို့ ပြော လိုက်တာပါပဲ။

ဒီတစ်ခါကြောက်လိုက်တာဟာ ဘဝတစ်ခုစာ ဘယ်တော့မှ နိုင်ငံ ရေးလောကထဲ ပြန်လာလို့ မရ အောင် ကြောက်လိုက်ရတာပါပဲ။ရွေးကောက်ခံပြည်သူတွေရဲ့မျက်နှာကိုမှမထောက်၊ကျဆုံးသွားတဲ့လူငယ် လေးတွေရဲ့ရုပ်ပုံလွှာကို မြင်အောင်မကြည့်၊ရွေးကောက်ခံအမတ်တစ်ယောက်က စစ်အုပ်စုရှေ့ ဒူးထောက် လိုက်တယ်ဆိုတာ အင်မတန်အကျဉ်းတန်လှပေမဲ့ ဘာပဲဖြစ်ဖြစ် ကြောက်ချင်ကြောက်လို့ရတယ်လို့ သက်ပြင်း ချရတော့မှာပါ။

ဘာလို့လဲဆိုတော့ ကြောက်ရုံတင်မကြောက်ဘဲ အာဏာရှင်တွေရဲ့ ယန္တယားကို ကူတွန်းပေးနေတဲ့ လူ မှန်းမသိကြောက်နေတဲ့ အမတ်အနည်းငယ်နဲ့ ဝန်ကြီးချုပ်ဖြိုးမင်းသိန်းလိုလူတွေတောင် ရှိနေလို့ပါပဲ။ပြည် ထောင်စုဝန်ကြီးထက်ပင် ပိုအာဏာကြီးတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ တရားရုံးအထိရောက်အောင်လာပြီး အကြမ်းဖက်စစ်အုပ်စုအလိုကျ လိမ်ညာထွက်ဆိုခဲ့တာဟာ စစ်အာဏာရှင်တွေသက်ဆိုးရှည်ဖို့အတွက် (ရည် ရွယ်ချက်မရှိတောင်)ကူတွန်းပေးလိုက်တာပါ။ဘယ်နည်းနဲ့မှခွင့်လွှတ်စရာအကြောင်းမရှိတဲ့ သွက်သွက်ခါ ကြောက်ဒူးတုန်မှုပါ။

အဲဒီလိုလူတွေအတွက်၊ပြည်သူမျက်နှာကို မထောက် အကြောက်ကြီးကြောက်နေတဲ့နိုင်ငံရေးသမား တွေအတွက် အာဏာရှင်ကိုစေ့စေ့တောင်မကြည့်ရဲတဲ့သူတွေအတွက် ကျနော်တို့သမ္မတကြီးက တရားရုံးကနေ သတင်းပေးပို့ခဲ့ပါတယ်။

‘နုတ်ထွက်မပေးနိုင်ဘူး၊အသေခံမယ်။’

လင်းခေတ်

 

Delta News Agency

Read Previous

ထိုင်းနယ်စပ်ကတစ်ဆင့် မြန်မာပြည်သူတွေကိုကူညီနိုင်ရေး အမေရိကန်နဲ့ထိုင်းဆွေးနွေး

Read Next

ယင်းမာပင်နဲ့ပုလဲကရဲတွေ ပြည်သူကို ခြိမ်းခြောက်မှုမျိုးစုံနဲ့ ငွေညှစ်နေလို့ပြော