ထိုင်းနယ်စပ်ကတစ်ဆင့် မြန်မာပြည်သူတွေကိုကူညီနိုင်ရေး အမေရိကန်နဲ့ထိုင်းဆွေးနွေး

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။

ထိုင်းနဲ့အမေရိကန် ပူးပေါင်းပြီး မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးနိုင်မယ့် အလားအလာကို နှစ်နိုင်ငံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ထိုင်းနိုင်ငံကို အောက်တိုဘာ ၁၈ ရက်ကနေ၁၉ ရက်နေ့အထိရောက်ရှိခဲ့ပြီး ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲလည်းဖြစ်တဲ့ Don Pramudwinai နဲ့မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ယမန်နေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်း လင်းပွဲမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဌာနပြောခွင့်ရ Tanee Sangrat က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကတဆင့် မြန်မာပြည်သူတွေကို ကူညီဖို့ အမေရိကန်နဲ့ ထိုင်းစဉ်းစားသုံးသပ်နေတယ်လို့လည်း ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဉီးက စက်တင်ဘာ၂၇ရက်နေ့၊အမေရိကန်နိုင် ငံခြားရေးဝန်ကြီးနဲ့ထိုင်းဒုဝန်ကြီးချုပ်တို့ ဝါရှင်တန်မှာတွေ့ဆုံပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၊မဲဆောက်ရောက်နေတဲ့ မြန်မာအရေးလှုပ်ရှားသူတွေဟာ နေရထိုင်ရအဆင်ပြေလာတယ်လို့ ပြောပါတယ်။

‘အရင်တုန်းက လုံခြုံရေးတင်းကျပ်တယ်၊အပြင်ထွက်ရင် ထိုင်းရဲတွေက ဖမ်းတယ်။ ဝါရှင်တန်ဆွေးနွေးပွဲနောက်ပိုင်း မှာ မဲဆောက်မြို့ပေါ်မှာ သွားရလာရအဆင်ပြေလာတယ်။အခုအမေရိကန်အစိုးရကိုယ်စားလှယ်က ထိုင်းကိုလာ ပြီးဆွေးနွေးတယ်ဆိုတော့ မဲဆောက်မှာ နေရတာပိုချောင်ချိလာမယ်ထင်တယ်’လို့ သူကပြောပါတယ်။

မြန်မာအရေးလှုပ်ရှားသူတွေ ထိုင်းနယ်စပ်မှာနေထိုင်ရအဆင်ပြေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့နီးစပ်သူတစ်ဦးကပြော ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet  ရဲ့အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံ‌ခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ ယမန်နေ့က ဆွေးနွေးခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးနဲ့ မြန်မာနိုင်ငံလို ဒေသတွင်းကပေါ်ပေါက်နေတဲ့ ပြဿနာတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ကို ဆွေးနွေးခဲ့ကြတယ်လို့ Derek Chollet က သူ့ရဲ့တွစ်တာမှာရေးသားထားပါတယ်။

ပင်လယ်ရပ်ခြားမှာ ရှိတဲ့ စစ်အုပ်စုရဲ့  ငွေကြေးပိုင်ဆိုင်မှုတွေကို ကန့်သတ်ဖို့ နည်းလမ်းတွေကို စင်ကာပူဗဟိုဘဏ် ဒုအုပ်ချုပ်မှုဒါရိုက်တာ Ms. Ho Hern Shin နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။