၁၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။
ဖျာပုံမြို့မှာ ဩဂုတ်လ ၁၉ရက်နေ့ နေ့လည် ၁၁နာရီခန့်က ဒလန်လို့ နာမည်ကြီးနေတဲ့ ဦးအောင်ကျော်စိုး (ခ) မင်းသားကြီးဆိုသူဟာ ကျွန်းတောလမ်းနဲ့ ၉လမ်းထောင့်အနီးမှာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ ဆိုင်ကယ်မှောက်ပြီး သေသွားခဲ့ပါတယ်။
သေနတ်နဲ့အပစ်ခံရပြီးနောက် ဆိုင်ကယ်တိမ်းမှောက်ကာ သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဦးအောင်ကျော်စိုးရဲ့ မိသားစုဝင်တွေကတော့
သွေးတိုးပြီး ဆိုင်ကယ်မှောက်ကာ သေဆုံးသွားတာလို့ ငြင်းဆန်ထားပါတယ်။
ဦးအောင်ကျော်စိုးရဲ့ ဘယ်ဘက်နားထင်နားမှာ ကျည်ဆံရာလိုမျိုး အပေါက်တစ်ခုဖြစ်ကာ သေဆုံးခဲ့တာဖြစ်ပေမဲ့ ဒီဒဏ်ရာဟာ ဝက်ခြံကဲ့သို့ အသားပို အဆီအခဲထွက်တာလို့ ဆိုပါတယ်။
စစ်အုပ်စုလက်အောက်ခံ မှုခင်းဆရာဝန်ကလည်း အလောင်းကိုခွဲစိတ်ရာမှာ ကျည်ဒဏ်ရာကဲ့သို့ ဘောစိ၊ခဲသီးတွေ မတွေ့ရဘူးလို့ ဆေးမှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီနေ့မနက်မှာ ဦးအောင်ကျော်စိုးဟာ ရွှေသွားဝယ်မယ်ဆိုပြီး နေအိမ်က ထွက်ခွါသွားခဲ့တာလို့ သိရပါတယ်။
အလောင်းရဲ့ ကိုယ်ပေါ်မှာ ရွှေဝယ်လာတဲ့ ဘောက်ချာနဲ့အတူတူ ရွှေဗူးကိုပါ မပျောက်ရှဘဲ တွေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဦးအောင်ကျော်စိုးဟာ ဖျာပုံမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ အတူပူးပေါင်းပြီး သတင်းပေးလုပ်ဆောင်တာတွေ ပူးပေါင်းစီးပွါးရှာဖွေမှုတွေ လုပ်ဆောင်နေသူတစ်ဦးလို့လည်း ဒေသခံတွေပြောပါတယ်။