လေးမျက်နှာ၊ အိုင်သပြုအနီးတဝိုက် ရေအနည်းငယ် ပြန်ကျ၊ ငါးသိုင်းချောင်းမြို့ပေါ် ရေတက်

“မြစ်ကျိုးရွာ အနီးတဝိုက်နဲ့ လေးမျက်နှာမြို့ပေါ်က လူတွေဆို သိပ်အကူအညီ မရကြဘူး။ အရေးကြီးဆုံးက စားနပ်ရိက္ခာပဲ၊ ရေကျသွားပေမယ့် အလုပ်အကိုင်တွေလည်း အတည်ကျမှာ မဟုတ်သေးတော့ လက်လုပ်လက်စားတွေ အတွက် စားနပ်ရိက္ခာတွေ ဆက်ပေးနေဖို့ လိုသေးတယ်”

၇၊ ဩဂုတ်။

ငဝန်မြစ် တာဘောင်ကျိုးခဲ့တဲ့အတွက် ရေကြီးနေတဲ့ လေးမျက်နှာနဲ့ အိုင်သပြု အနီးတဝိုက် ဒီကနေ့ မနက်ပိုင်းမှာ ရေအနည်းငယ် ပြန်ကျနေပြီး ငဝန်မြစ်ကမ်းဘေး ငါးသိုင်းချောင်းမြို့ပေါ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေမှာ ရေတက်နေပြီး ဒေသခံတချို့မှာ စတင်ရွှေ့ပြောင်းနေရပြီ ဖြစ်ပါတယ်။

“အိုင်သပြုလမ်းဆုံမှာ ရေတပေကျော်လောက် ပြန်ကျသွားတယ်။ ဒါပေမယ့် အကုန်မကျသေးတော့ ကားတွေ သွားလာလို့ အဆင်မပြေသေးဘူး။ အိမ်တွေလည်း မြုပ်နေတုန်းပဲ။ တာပေါက်ကို မပိတ်နိုင်သေးဘူး။ မြစ်ရေကျလို့ ရေကျသွားတာ ထင်တယ်”လို့ အိုင်သပြုအနီးတဝိုက် ရေဘေးကူညီရေး လုပ်နေသူတဦးက ပြောပါတယ်။

ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ ညကတည်းက ကျိုးသွားခဲ့တာဖြစ်ပြီး အခုအခါ တာပေါက် အကျယ် ပေ ၂၉၀ ဝန်းကျင်ရှိနေပြီး ရေကြီးနေတာဟာလည်း တပတ်ကျော်ရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာ လေးမျက်နှာနဲ့ အိုင်သပြုတဝိုက်ရေအနည်းငယ်ပြန်ကျပေမယ့် အနိမ့်ပိုင်းဒေသတွေဖြစ်တဲ့ အိုင်သပြု – ငသိုင်းချောင်းလမ်းတလျှောက်ကျေးရွာတွေ၊ ငါးသိုင်းချောင်း မြို့ပေါ်ရပ်ကွက်အချို့၊ ရေကြည်၊ ဟင်္သာတမြို့နယ်တို့ အတွင်းမှ ကျေးရွာတွေမှာတော့ ရေတက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ငသိုင်းချောင်းမြို့ကို မနေ့ကတည်းက ရေစဝင်နေခဲ့တာဖြစ်ပြီး အခုအခါ ငသိုင်းချောင်းမြို့အဝင် မြစ်ကျိုးအင်းအနီး ဝန်းကျင်ရှိ နေအိမ်တွေ ရွှေ့ပြောင်းနေကြရပြီဖြစ်ကာ ရွှေဘိုရပ်ကွက်၊ ငဝန်ရပ်ကွက်တို့ဟာလည်း ရေကြီးနေပြီလို့ ငသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။

“ရေက တအိအိတက်နေတာ။ အတက်လည်း မြန်နေတယ်။ လူတွေ စရွှေ့နေကြပြီ။ တချို့ အနိမ့်ပိုင်းတွေမှာ ရေက ခါးလောက် ရောက်နေပြီ။ မြို့ထဲလမ်းတွေလည်း ရေရောက်နေတယ်” လို့ သူကပြောပါတယ်။

လက်ရှိမှာ ငသိုင်းချောင်းမြို့နဲ့ အနီးတဝိုက်ကျေးရွာတွေအပြင် လေးမျက်နှာမြို့နယ်နဲ့အစပ် ဟင်္သာတမြို့နယ် တလု တ္ထော်၊ ခမောက်စုတို့အနီးပတ်လည်ရှိ ကျေးရွာပေါင်း နှစ်ဆယ်ကျော်၊ ကျုံပျော်မြို့နယ်အတွင်းက ဇရပ်လှ၊ ဒိုက် ပျက်၊ ပုလဲကွင်းစတဲ့ ကျေးရွာနှစ်ဆယ်နီးပါးတို့မှာပါ ရေကြီးနေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီရေကြီးနေတဲ့ဒေသတွေမှာ ဖုန်းလိုင်းအဆက်အသွယ်လည်း မရတာကြောင့် ကူညီကယ်ဆယ်ရေးအလုံအ လောက်မရောက်နိုင်သေးတဲ့ကျေးရွာတွေလည်း ရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတို့ အရေးတကြီးလိုနေတယ်လို့ မြေပြင်ကူညီနေသူတွေက ပြောကြပါတယ်။

“မြစ်ကျိုးရွာ အနီးတဝိုက်နဲ့ လေးမျက်နှာမြို့ပေါ်က လူတွေဆို သိပ်အကူအညီ မရကြဘူး။ အရေးကြီးဆုံးက စားနပ်ရိက္ခာပဲ၊ ရေကျသွားပေမယ့် အလုပ်အကိုင်တွေလည်း အတည်ကျမှာ မဟုတ်သေးတော့ လက်လုပ်လက်စားတွေ အတွက် စားနပ်ရိက္ခာတွေ ဆက်ပေးနေဖို့ လိုသေးတယ်” လို့ ဟင်္သာတဒေသခံ ရေဘေးကူညီပေးနေသူတဦးက ပြော ပါတယ်။

လေးမျက်နှာမြို့နယ်တခုတည်းမှာ မနေ့က ဩဂုတ်လ ၄ ရက်နေ့ညနေပိုင်းထိ ရထားတဲ့အချက်အလက်တွေအရ ရေဘေးသင့်ပြည်သူ ၃၂၀၀၀ ကျော် ရှိနေတယ်လို့ စစ်အစိုးရထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ လက်တွေ့ မှာတော့ လေးမျက်နှာအပြင် ရေကြည်၊ ဟင်္သာတ၊ ကျုံပျော်မြို့နယ်တို့မှာ ရေဘေးသင့်ပြည်သူတွေရှိနေတာ ကြောင့် အဒီစာရင်းတွေထက် ပိုနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

ဒါ့အပြင် လေးမျက်နှာမြို့နယ်အတွင်းက စပါးခင်းဧက တသောင်းကျော် ရေလွှမ်းနေပြီး ၁၄ ရက်အတွင်း ရေပြန် ကျသွားရင် စပါးခင်းတွေ မပျက်စီးနိုင်ဘူးလို့လည်း စစ်အစိုးရက ဆိုထားပါတယ်။ ဒေသခံလယ်သမားတွေကတော့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်အပေါ် ဝေဖန်ထားပြီး ရေပြန်ကျဖို့ ကြာနိုင်တာကြောင့် စပါးခင်းတွေ လုံး၀ဆုံးရှုံးရတော့ မယ်လို့ ဆိုထားပါတယ်။

အခုရေကြီးနေတာဟာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်နိမ့်ဆင်း၊ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ ကျိုးပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တာ ဘောင်အပေါက်ဟာ ပေ ၂၉၀ လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီတာဘောင်ကို မပိတ်နိုင်သရွေ့ ရေဟာ ကာလရှည်ကြာကြီးနေနိုင်တာကြောင့် အခုရေဘေးကို အစိုးရအနေနဲ့ အထူးစီမံချက်ချမှတ်ကာ ဆောင်ရွက်ဖို့လိုတယ်လို့ ကူညီပေးနေသူတွေက ပြောထားကြပါတယ်။