ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ အ​မြင့် ၂၁ ပေကျော်အထိ တက်မယ်လို့ သတိပေး

ရန်ကုန်မြစ်မှာ ၂၀၁၄ နဲ့ ၂၀၁၅တုန်းက အခြေခံ ရေစစ်မျဥ်း အထက်အမြင့်  ၂၂ ပေ လောက်အထိ ထူးကဲဒီရေ တက်ခဲ့ဖူးပါတယ် ။

၇၊ ဩဂုတ်

ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ရန်ကုန်မြစ်ရဲ့ အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၂၇ ပေ ကနေ ၂၁ ဒသမ ၁၆ ပေအထိ သာမန်ထက် ထူးကဲဒီရေ တက်နိုင်တဲ့အတွက် မြစ်ကမ်းဘေးနေထိုင်သူတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့ မြန်မာဆိပ်ကမ်း အာဏာပိုင်က သတိပေးထားပါတယ်။

“အရင်ဒီရေတက်တုန်းကတော့ ကမ်းနားလမ်းပေါ်အထိ ရေလွှမ်းတာကြုံရတယ်။ မြို့ထဲပိုင်းက သိပ်ပြဿနာမဟုတ်ဘူး။ ဒလဖက်ခြမ်းက အိမ်တွေတော့ကမ်းပြိုတာဖြစ်တတ်လို့ သတိတော့ထားရလိမ့်မယ်” လို့ ဒလမြို့နယ်မှာနေသူတဦးက ပြောပါတယ်။

ရန်ကုန်မြစ်မှာ ၂၀၁၄ နဲ့ ၂၀၁၅တုန်းက အခြေခံ ရေစစ်မျဥ်း အထက်အမြင့်  ၂၂ ပေ လောက်အထိ ထူးကဲဒီရေ တက်ခဲ့ဖူးပါတယ် ။ အခုတက်နိုင်တဲ့ ပေအမြင့်မှာ စိုးရိမ်စရာ မရှိပေမယ့် မြစ်ကမ်းနားအနီး နေထိုင်သူတွေ အနေနဲ့  ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားဖို့ လိုမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထားတာ ဖြစ်ပါတယ်။

အခုလို ထူးကဲဒီရေ တက်နိုင်တဲ့ ရက်အတွင်း ဗိုလ်တထောင်ကမ်းနားကို သွားရောက် လည်ပတ်သူတွေ မတော်တဆ ဖြစ်နိုင်စရာ ရှိတဲ့အတွက် သတိထားဖို့  လိုမယ်လို့လည်း ဒလမြို့ခံတွေက ပြောပါတယ်။