သေနတ်ကိုင်ဆောင်မှု ဥပဒေ ပိုမိုတင်းကြပ်သွားမယ်လို့ ထိုင်းဝန်ကြီး ကတိပြု

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ အရပ်သားတွေ သေနတ်ပိုင်ဆိုင်မှု အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး အရပ်သားတွေလက်ထဲမှာ သေနတ်ပေါင်း ၁၀.၃ သန်းလောက် ရှိနေပါတယ်။ အဲဒီအထဲက ၄ သန်းလောက်ဟာ တရားမဝင် ပိုင်ဆိုင်ထားတာလို့ ယူဆရပါတယ်။

၈ ၊ ဩဂုတ်

မနေ့က ဘန်ကောက်မြို့အနီး စာသင်ကျောင်းမှာ ဖြစ်သွားတဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူ ၈ ယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ်က သေနတ်ကိုင်ဆောင်မှုဆိုင်ရာ ဥပဒေအသစ်တွေ ပြဋ္ဌာန်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။

အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေးဟာ သူနဲ့အတူနေတဲ့ အဘိုးနဲ့ အဘွားကို အိမ်မှာတင် ပစ်သတ်ခဲ့တာပါ။ အဲဒီနောက် သူတက်နေတဲ့ နွန်သဘူရီက Debsirin စာသင်ကျောင်းကို သွားပြီး ဆရာ/ဆရာမ ၅ ယောက်ကို ထပ်ပစ်သတ်ခဲ့သလို သူကိုယ်သူလည်း အဆုံးစီရင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒဏ်ရာရထားတဲ့ ကျောင်းသားတစ်ယောက်ပါ ထပ်မံသေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဖြစ်စဉ်ပြီးနောက်မှာ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် က အများပြည်သူရှေ့မှာ သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်မယ့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ စီစဉ်နေပြီး တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေကိုပဲ သေနတ်ကိုင်ဆောင်ခွင့် ပေးတော့မယ်လို့ ပြောသွားခဲ့ပါတယ်။

ရဲမှူးကြီး ဌာသကွန်း ကွန်သောင် ကတော့ ဒီတိုက်ခိုက်မှုမှာ သုံးသွားတဲ့ သေနတ်နဲ့ ကျည်ဆံတွေဟာ ကျောင်းသားလေးရဲ့ အဘိုးပိုင်တာဖြစ်ပြီး အဘိုးရဲ့ အိပ်ခန်းထဲမှာ သေနတ်ကို ရှာဖွေထားတဲ့ လက္ခဏာတွေ စစ်ဆေးတွေ့ရှိရတယ်လို့ ပြောပါတယ်။ အဲဒီသေနတ်ဟာ တရားဝင် မှတ်ပုံတင်ထားပြီး လိုင်စင်ရှိတဲ့ သေနတ်ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ အရပ်သားတွေ သေနတ်ပိုင်ဆိုင်မှု အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး အရပ်သားတွေလက်ထဲမှာ သေနတ်ပေါင်း ၁၀.၃ သန်းလောက် ရှိနေပါတယ်။ အဲဒီအထဲက ၄ သန်းလောက်ဟာ တရားမဝင် ပိုင်ဆိုင်ထားတာလို့ ယူဆရပါတယ်။

ထိုင်းမှာ တရားမဝင် သေနတ်ပိုင်ဆိုင်ရင် ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးနိုင်တဲ့ တင်းကျပ်တဲ့ ဥပဒေတွေ ရှိပေမဲ့ ဥပဒေစိုးမိုးရေးအပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေဆဲပါ။

အနုတင်ဟာ ပြည်ထဲရေးဝန်ကြီး တာဝန်ယူထားစဉ်တုန်းကလည်း သေနတ်လိုင်စင်အသစ် ထုတ်ပေးတာကို ခေတ္တပိတ်ပင်တာနဲ့ ပြည်ပက သေနတ်တင်သွင်းမှုကို ကန့်သတ်တာမျိုး သေနတ်ထိန်းချုပ်ရေး ဥပဒေအချို့ကို ဆောင်ရွက်ခဲ့ပါသေးတယ်။

သောကြာနေ့က ဝန်ကြီးချုပ်က ပြောကြားရာမှာတော့ ဒီဝမ်းနည်းစရာ ဖြစ်ရပ်ဟာ “မဖြစ်သင့်တဲ့ ကိစ္စ” လို့ ဆိုပါတယ်။ “ကျနော် ဒဏ်ရာ ၊ /သေဆုံးသူတွေအတွက် စိတ်မကောင်းရုံတင်မကဘဲ ဒီလိုမျိုး ဖြစ်သွားတဲ့အတွက်ပါ ဝမ်းနည်းရပါတယ်။ ငါတို့နိုင်ငံမှာ ဒါမျိုး ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ” လို့ အနုတင်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေးဟာ သောကြာနေ့ ဒေသစံတော်ချိန် မနက် ၅ နာရီလောက်မှာ သူတို့ရဲ့ နှစ်ထပ်တိုက်အိမ်မှာတင် အသက် ၇၃ နှစ်အရွယ် အဘိုးနဲ့ အသက် ရ၄ နှစ်အရွယ် အဘွားတို့ကို ပစ်သတ်ခဲ့တာလို့ ယူဆရပါတယ်။

သေနတ်တချက်စီ ခေါင်းကို ပစ်သွားခဲ့တာလို့ ထိုင်းရဲအရာရှိတစ်ယောက်က ပြောပါတယ်။ အဘိုးနဲ့ အဘွားကို သတ်ပြီးတဲ့နောက်မှာတော့ အဲဒီကောင်လေးဟာ သေနတ်နဲ့ ကျည်ဆံ အမြောက်အမြားကို ယူဆောင်ပြီး ကျောင်းကြိုပို့ကားပေါ် တက်သွားခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အဆိုပါကျောင်းသားအနေနဲ့ ဘာကြောင့် အခုလို လုပ်ရတယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref – BBC

#ထိုင်း #သေနတ်ဥပဒေ #တင်းကြပ် #ပစ်ခတ်မှု
#DeltaNewsAgency #DNA