ရေပေါက်ပိတ်ဖို့ နိုင်ငံတော်အဆင့် အစီအမံနဲ့ ဆောင်ရွက်နေပါတယ်


တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင် နှင့် အင်တာဗျူး

နဂိုတာတွေကျိုးတာက စိုးရိမ်ရေအမှတ်အထက်မှာ ကျိုးတာ၊ အခုတာကျိုးတာကတော့ စိုးရိမ်ရေမှတ်မ ရောက်ခင်မှာ ကျိုးတာပါ။

၈‌၊ဩဂုတ်

စစ်အစိုးရရဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးထဲမှာ လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က ရေကာတာတွေ မကျိုးပေါက်စေရေး တာတမံတွေ ကြံ့ခိုင်ကောင်းမွန်စေဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားဖို့ အဆိုကို တင်သွားခဲ့ပါတယ်။ အဲဒီအဆိုကို တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့အပြီး တလခန့်အကြာမှာတော့ ဦးကျော်ဝင်းနိုင်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ လေးမျက်နှာမြို့နဲ့ အနီးဆုံးနေရာဖြစ်တဲ့ မြစ်ကျိုးရွာအနီးမှာ ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဩဂုတ်လ ၇ ရက်နေ့မှာ DNA က ဦးကျော်ဝင်းနိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

🔹 မေး – လေးမျက်နှာမှာ ရေကြီးတဲ့အခြေအနေ အခု ဘယ်လိုရှိနေပါလဲ။
ဖြေ – ရေကတော့ ဝင်တဲ့ဟာကို ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဆည်မြောင်းဌာနကလည်း သူရဲ့လုပ်ငန်းစဉ်တွေအတိုင်း ရေဝင်ရောက်မှု အဟန့်အတား ဖြစ်ဖို့အတွက် ဆောင်ရွက်နေသလို နိုင်ငံတော်အဆင့် အနေနဲ့လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေပြီးတော့ တိုင်တွေရိုက်ဖို့ အဲဒါတွေလည်း ပစ္စည်းတွေအကုန်လုံး သယ်နေပါပြီ။ သယ်နေတော့ အဲဒါတွေ ရောက်လို့ရှိရင် ရေပေါက်ကို ပိတ်ဖို့ နိုင်ငံတော်အဆင့် အစီအမံနဲ့ ဆောင်ရွက်နေပါတယ်။

🔹 မေး – အခုလောလောဆယ် ဘယ်ဒေသတွေ ရေကြီးနေလဲ၊ ရေဘေးသင့်ပြည်သူ ဘယ်လောက်ရှိလဲ။
ဖြေ – လေးမျက်နှာမြို့နယ် အတွင်းမှာကတော့ လက်ရှိရေကတော့ လွှမ်းမိုးသွားပါပြီ။ ရေကြည်ဘက်ကိုတော့ နည်းနည်းလေး ရေက ဆင်းနေတာပေါ့နော်။ အဲတော့ ကျွန်တော်တို့ လက်ရှိ (ရေ)ဝင်တဲ့အပေါက်ကို ပိတ်လိုက်နိုင်ရင်တော့ လက်ရှိဝင်ထားတဲ့ Volume အတိုင်း ဆက်ရှိနေပြီးတော့ နောက်ထပ်မဝင်ဘူးဆိုရင်တော့ ထိခိုက်ပျက်စီးမှုတွေ သက်သာသွားမယ့်အခြေအနေမှာရှိပါတယ်။

လောလောဆယ်ကတော့ (ရေဘေးသင့်ပြည်သူ) နှစ်သောင်းကျော်လောက် ရှိပါတယ်။ အဲဒါကလည်း သက်ဆိုင်ရာ မြို့နယ်အတွင်းမှာရှိတဲ့ ကုန်းမြင့်တဲ့ဒေသတွေ၊ အဆောက်အဦးမြင့်တဲ့ ဒေသတွေမှာ သူတို့ နေတာပေ့ါနော်။ မြန်မာ နိုင်ငံအရပ်ရပ်ကလည်း ကူညီထောက်ပံ့တဲ့၊ လှူဒါန်းတဲ့သူတွေ၊ ပရဟိတအဖွဲ့တွေ၊ အစိုးရကလည်း အစီအမံနဲ့ ဆောင်ရွက်နေတာ ရှိသလို သူတို့ရဲ့ သူတို့လှူချင်တဲ့ နေရာတွေကို သွားလှူနိုင်ဖို့လည်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက အောက်ခြေမှာ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။

🔹 မေး – စပါးခင်းကရော ဧက ဘယ်လောက်လောက်ပျက်စီးတာရှိပါသလဲ။
ဖြေ – လေးမျက်နှာမြို့နယ်ထဲက စပါးတွေကတော့ လတ်တလောတော့ ရေလွှမ်းသွားတာပေါ့နော်။ သို့သော်လည်း စပါးဆိုတာကလည်း သူ့ရဲ့ရေလွှမ်းခံနိုင်တဲ့ သက်တမ်းတခု ရှိတယ်ဗျ။ အဲတော့ ရေကျသွားတဲ့အခါမှာ ရေလွှမ်းတဲ့ ရက်ပမာဏပေါ် မူတည်ပြီးတော့ ထိခိုက်ပျက်စီးမှုကတော့ နောက်ကျမှ ပြောလို့ရမယ်ပေ့ါ။

🔹 မေး – ဒီတာဘောင်က ဘယ်လိုကြောင့် ကျိုးသွားတယ်လို့ ပြောလို့ရမလဲဗျ။
ဖြေ – ဒါကတော့ ဒီလိုဗျ။ အဲဒီနေရာက နဂိုတုန်းက မြစ်ချောင်းဟောင်း နေရာလေ၊ မြစ်ကျိုးအင်းစိမ့်ဆိုတော့ မြစ် ကြောင်းဟောင်း နေရာဖြစ်တယ်။ ဆိုတော့ အောက်ခံမြေသားက နုံးဆန်တဲ့ မြေသားတွေ ဖြစ်နေတယ်။ နုံးဆန်တဲ့ မြေသားတွေ ဖြစ်နေတော့ တာဘောင်ပေါက်တာကို သိပြီးတော့ ၁၂ နာရီ အကြာလောက်မှာပဲ တာက အိပြီးတော့ ရေကျော်သွားတာပါခင်ဗျ။ ဆိုတော့ အဲဒီနေရာက ခုနတုန်းက မြစ်ကြမ်းပြင် အဟောင်းနေရာ ဆိုတော့လေ နုံးဆန်တော့ အောက်ကနေပြီးတော့ တာကျိုးပြီး ရေကျော်သွားတယ်ပေ့ါ။

🔹 မေး – အခုရော အဲဒီအပေါက်ကို ဘယ်လိုပြင်ဆင်နေကြလဲဗျ။
ဖြေ – ဆည်မြောင်းဦးစီးဌာနကပဲ သူ့ရဲ့နည်းစဉ်တွေအတိုင်း Geo bag တွေ ချပြီးတော့ ရေတိုက်စားမှုတွေ လျော့အောင် လုပ်တာပေါ့၊ ရေဖိအားလျော့သွားအောင် အဟန့်အတားဖြစ်အောင် သင်္ဘောတွေကို သဲတွေဖြည့်ပြီးတော့ မြှုပ်တဲ့အစီအမံတို့ ဒါတွေကို စီမံဆောင်ရွက်နေသလို နိုင်ငံတော်အဆင့်ကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနကို လမ်းညွှန်ပြီးတော့ တိုင်တွေရိုက်နေတယ်။ အဲဒီပြတ်သွားတဲ့နေရာကတော့ ပေ ၂၉၀ ပဲရှိတယ်။ ဒါပေမယ့် အဲဒါကို လိပ်ခုံးပုံစံလေး ပေ ၈၉၀ လိပ်ခုံးပုံသဏ္ဍာန်နဲ့ တိုင်ရိုက်မှာပါ။

🔹 မေး – ဆရာအဆိုတင်ပြီး သတိပေးပြီး ဒီလိုပေါက်တယ်ဆိုတော့ ဘာပြောချင်ပါလဲ။
ဖြေ – ကျွန်တော်တို့ကတော့ တာအတွင်းထဲမှာ နေတယ်။ ဟိုး ၂၀၀၄ ခုနှစ်တို့ ၂၀၁၅ တို့ စိုးရိမ်ရေမှတ် အထက်ကို နှစ်ပေလောက် မြင့်ပြီးတော့ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့က ဒီရေကာတာကို Volunteer အနေနဲ့ ရေပေါက်တွေ ပေါက်တာတွေကို ရေခွေတာတို့၊ တာတမံ လုံခြုံရေးတွေကို တာဘေးမှာ နေတာဆိုတော့ Volunteer ကူညီပြီး တော့ တာပေါ်မှာ အိပ်စားပြီးတော့ ဆောင်ရွက်ခဲ့တယ်။
ကျွန်တော် လွှတ်တော်ထဲ ရောက်တဲ့အချိန်ကတော့ ကျွန်တော်တို့မှာ တာကျိုးခဲ့တဲ့အတွေ့အကြုံက သုံးခုရှိတယ်။ ကျွန်တော်တို့လည်း ဒီဟာကို ကိုယ်တိုင်ဆောင်ရွက်ခဲ့ တာဖြစ်တယ်၊ ဒါကို ကြိုတင်ကာကွယ်ဖို့အတွက် လွှတ်တော်ထဲမှာ အဆိုတင်သွင်းခဲ့တာဖြစ်တယ်။

🔹 မေး – တာကျိုးနိုင်ခြေရှိတာကို ကြိုသိခဲ့တာလား။
ဖြေ – ကြိုသိတာ မဟုတ်ပါဘူး။ ဒါတွေ ကြိုတင်ကာကွယ်မှု ဆောင်ရွက်နိုင်ဖို့အတွက် လုပ်တာပါ။ တာတွေက အဲဒီ ရက်ကလည်း မိုးအရမ်းများတယ်ဗျ။ တပတ်လောက်က မိုးအဆက်မပြတ်ရွာတော့ မြေသားတွေကလည်း ကြံ့ခိုင်မှု လျော့သွားတာပေ့ါနော်၊ အစိုဓါတ်တွေ ဖြစ်ပြီးတော့လေ။ အဲဒါ တိုက်ဆိုင်မှု ဖြစ်သွားတဲ့ သဘောပါပဲ။ အောက်ခံ မြစ်ကြမ်းပြင် အဟောင်းလည်း ဖြစ်တယ်။ မိုးတွေကလည်း အရမ်းများတယ်။ တာတွေကလည်း ရေပေါက်ကျယ်တယ် ဆိုတဲ့ဟာက အမြဲတမ်းဒါတွေက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ဟာကို။ တာတွေက အများကြီး ထိန်းသိမ်းရတာကို ဆည်မြောင်းဦးစီးဌာနကလည်း။

🔹 မေး – ဆရာ့အဆိုကို အတည်ပြုပြီးတော့ တလကျော်လောက် အချိန်ရခဲ့တာပေ့ါနော်။ အဲဒီကာလအတွင်းမှာ အစိုးရ၊ သက်ဆိုင်ရာဌာနတွေက ဆရာအဆိုမှာ တိုက်တွန်းခဲ့တဲ့အတိုင်း တာတမံတွေကို ကြံ့ခိုင်အောင် လုပ်ပေးခဲ့တာမျိုး ရှိ လား။
ဖြေ – လုပ်နေတာရှိပါတယ်။ သူတို့တွေ လုပ်တဲ့ဟာတွေ ရှိပါတယ်ခင်ဗျ။

🔹 မေး – လုံလောက်အောင် မလုပ်ခဲ့တဲ့သဘောလား၊ ဘယ်လိုပြောလို့ရမလဲခင်ဗျ။
ဖြေ – အဲဒါ သူတို့လုပ်နေတာတော့ ကျွန်တော်တို့ တွေ့ပါတယ်။ သူတို့ သတင်းထုတ်ပြန်တာတွေလည်း တွေ့တယ်။ သွားပြီး လုပ်ကိုင်ဆောင်ရွက်နေတာတွေလည်း တွေ့ပါတယ်ခင်ဗျ။

🔹 မေး – ဆရာ ကြိုတင်သတိပေးခဲ့ရက်သားနဲ့ ဒီလိုဖြစ်သွားတဲ့အပေါ် ဘာပြောချင်ပါလဲ။
ဖြေ – ဒါကတော့ ဖြစ်သွားတဲ့အခါမှာတော့ ကျွန်တော်တို့ ပြန်ပြီးတော့ ဒီဟာကို ပိတ်ဆို့နိုင်ရေးရယ်၊ ကူညီကယ် ဆယ်ရေးရယ်၊ နောက် ပြန်လည်ထူထောင်ရေးတွေကို ဒါတွေကို ကျွန်တော်တို့ အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ မိဘပြည်သူတွေ ဝိုင်းလုပ်ရမှာပေ့ါ။

🔹 မေး – တာကျိုးတာ ပိတ်ဖို့လုပ်နေပြီဆိုတော့ ရေပြန်ကျသွားတာမျိုး ရှိပြီလား။
ဖြေ – ရေကတော့ စိုးရိမ်ရေမှတ် အောက်မှာပဲ ရှိပါတယ်။ ရေတော်တော် ကျသွားပါတယ်။ လက်ရှိကတော့ ရေပြင် လေးကတော့ နည်းနည်း ကျယ်ပြန့်လာတာပေ့ါနော်။(ရေပြင်ကျယ်ပြီး ရေကြည်၊ ငသိုင်းချောင်းဘက်ထိ ရေရောက် လာ) အဲတော့ ဒီဟာတွေကိုလည်း သက်ဆိုင်ရာဌာနတွေက ပိတ်ဆို့ ပြီးတော့ ရေမဝင်တော့ဘူးဆိုရင် ဝင်ရောက်ထားတဲ့ ရေတွေက သူ့ဟာသူ အောက်ကပဲ ဆင်းသွားမယ်ဆိုရင် ဒါတွေက အမြန်ဆုံး ပြန်ပေါ်သွားမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသလို ရေပြန်ကျသွားရင်လည်း ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့လည်း နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက် နေပါတယ်ခင်ဗျ။

🔹 မေး – အခုက ရေဘယ်လောက်လောက်ထိ ကျသွားပြီလဲ။
ဖြေ – အဲဒါကတော့ ဘယ်လောက်ကျလဲဆိုတာကတော့ ဆည်မြောင်းဌာနကပဲ သိမှာပါခင်ဗျ။ ကျတယ်ဆိုတာ လောက်ပဲ ကျွန်တော်တို့ သိပါတယ်ခင်ဗျ။

🔹 မေး – တာစပေါက်တုန်းက ပေ ၂၀၊ ၃၀ လောက်ပဲရှိတာကို အချိန်မီ ပြုပြင်ထိန်းသိမ်းတာတွေ မလုပ်ခဲ့လို့ အခုလို တာကျိုးတဲ့အထိ ဖြစ်သွားရတယ်ဆိုတာမျိုး ပြောကြတာရှိတယ်။ ဒီအပေါ် ဘာပြောချင်ပါလဲ။
ဖြေ – သူတို့အကုန်လုံးလုပ်ပါတယ်။ လူအင်အားနဲ့ လုပ်တယ်။ ဒါပေမယ့် ခုနကပြောသလို မြစ်ကြမ်းပြင်အဟောင်း ဆိုတော့ နုံးများတဲ့မြေသားဆိုတော့ အဲဒီမြေသားကြောင့် အဲလိုဖြစ်သွားတာပါ။ သူတို့ရဲ့ ဆည်မြောင်းဦးစီးဌာနရဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေအတိုင်း ညွှန်ကြားပြီးတော့ အစိုးရကလည်း အဝေးကနေ ကွပ်ကဲတယ်။ အောက်မှာ လည်း သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနက လုပ်ခဲ့ပါတယ်။

🔹 မေး – နောက်တခုက ပုံမှန်ပြုပြင်ထိန်းသိမ်းမှုအားနည်းဖြစ်တာလို့ ဒေသခံတွေက ပြောကြတယ်။ ဒီအပေါ်ရော ဘာပြောချင်ပါလဲ။
ဖြေ – ဒါကတော့ဗျာ၊ လူတွေဆိုတာကတော့ အမျိုးမျိုးဝေဖန်ကြတာပဲနော်။ ဒါပေမယ့် ကျွန်တော် ခုနကပြောသလိုပဲ အောက်ခံအဟောင်းဖြစ်တဲ့အတွက်ကြောင့် ဖြစ်သွားခဲ့ရတာပါ။

🔹 မေး – ဆိုတော့ အခုရေကြီးမှုက ဘယ်လောက်ထိ ကြာသွားနိုင်ပါလဲ။
ဖြေ – မကြာဘူး။ သူတို့ပစ္စည်းစုံရင် ခြောက်ရက် တပတ်လောက်နဲ့ လုပ်ငန်းပြီးမြောက်သွားမှာ။ တိုင်စိုက်ဖို့က ခြောက်ရက်ပဲကြာမယ်လို့ ပြောပါတယ်။
လုပ်ရတာက တံတားတွေက ခံနေတော့လေ၊ အဲဒီမှာ (အပေါက်ပိတ်ဖို့)လာတဲ့ မော်တော်ဘုတ်တွေဆိုရင် တံတားနဲ့ မလွတ်တော့ နောက်ပြန်လှည့်ပြီးတော့ ဟိုးပုသိမ်ဘက်က ပြန်လှည့်ရတဲ့ အနေအထားမျိုး။ အဲဒါမျိုးဖြစ်တယ်။ မိုးတွင်းဆိုတော့ ယန္တရားကြီးတွေ သယ်ဖို့ကလည်း ကုန်းလမ်းက သယ်လို့မရဘူးဖြစ်တယ်။ အဲတော့ အဲဒီအတွက် တော့ နည်းနည်းလေး ရက်ကလေး အချိန်လေးပေးရတဲ့ အနေအထားမျိုး ဖြစ်တာပေ့ါ။

🔹 မေး – တာပိတ်ပြီးသွားရင် ကျန်ခဲ့တဲ့ရေတွေ ပြန်ကျဖို့အတွက်ရော ဘယ်လောက်ထိ ကြာနိုင်ပါလဲ။
ဖြေ – အဲဒါကတော့ ကျွန်တော်တို့ ဝင်ထားတဲ့ရေတွေက အောက်ကို ဆင်းသွားမှာပါခင်ဗျာ။ ဒီ Volume ပမာဏနဲ့ ညီမျှတဲ့ ဆင်းနိုင်တဲ့ရေစီးကြောင်း ရောက်နေတဲ့ Volume ပမာဏအပေါ်မူတည်ပြီးတော့ သတ်မှတ်တဲ့နှုန်းအတိုင်း ဆင်းသွားမှာပါ။

🔹 မေး – ဒေသခံတွေမှာ စပါးခင်းတွေ သောင်းချီပျက်စီးမယ်၊ အိမ်တွေနဲ့ ကျန်ခဲ့တဲ့ပစ္စည်းတွေလည်း ရေမြုပ်တာတွေ ဖြစ်တယ်ဆိုတော့ ပြန်လည်ထူထောင်ရေးအတွက် ဘာတွေ လုပ်ပေးဖို့လိုလဲ၊ အစိုးရကို ဘာတွေ တိုက်တွန်းချင်ပါ လဲ။
ဖြေ – နိုင်ငံတော်က ထွန်ယက်တာတို့၊ မျိုးပေးတာတို့၊ နည်းပညာပေးတာတို့၊ နောက် လိုအပ်တဲ့ ပိုးသတ်ဆေးတို့ ဒါတွေ ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်။

🔹 မေး – ၁၉၉၁ ထိန်းငူတာကျိုးတုန်းကနဲ့ အခုတာကျိုးတာနဲ့ ဘာတွေ ကွာခြားချက်ရှိမလဲ။
ဖြေ – နဂိုတာတွေကျိုးတာက စိုးရိမ်ရေအမှတ်အထက်မှာ ကျိုးတာ၊ အခုတာကျိုးတာကတော့ စိုးရိမ်ရေမှတ်မ ရောက်ခင်မှာ ကျိုးတာပါ။

🔹 မေး – ထပ်ပြီးတော့ ဘာတွေ ဖြည့်စွက် ပြောချင်ပါလဲ။
ဖြေ – မရှိပါဘူးခင်ဗျာ။