
ဇွန်လ ၁၇ ရက်၊ ၁၉ ရက်နဲ့ ၂၁ ရက်နေ့တို့မှာ ရေကြည်မြို့နယ် အတွင်းရှိ စစ်တပ်ရဲ့ ပွိုင့်(၂၈၈)၊ ပွိုင့်(၁၈၈)နဲ့ ပွိုင့် (၁၄၈) စခန်းကုန်းတို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာ ပွိုင့်(၂၂၇)ရဲ့ ကာကင်းနှစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့တာပါ။
၇၊ ဇူလိုင်။
ဧရာ၀တီတိုင်း ရေကြည်မြို့နယ်အတွင်းက အာဏာသိမ်း စစ်တပ်ရဲ့ ကာကင်းခစန်းတွေကို သိမ်းပိုက်လိုက်ပြီးနောက် ထွက်ပြေးနေကြသူတွေကို ထပ်မံလိုက်လံရှင်းလင်းတိုက်ခိုက်ရာ လက်နက်၊ ခဲယမ်းအချို့နဲ့ ရန်သူ့အလောင်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ရေကြည်မြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့ ပွိုင့်(၂၂၇)စခန်းကုန်း ကာကင်းနှစ်ခုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေးတွေ ထပ်မံလုပ်နေခဲ့တာပါ။
“အလောင်းတဆယ်လောက် ထပ်ရတယ်။ စခန်းသိမ်းခံရတော့ ထွက်ပြေးနေတဲ့ ကောင်တွေကို လိုက်ရှင်းတာ။ တိုက်ပွဲဖြစ်တယ်လေ။ အခုလည်း ထွက်ပြေးနေတဲ့ ကောင်တွေကို လိုက်ရှင်းနေရသေးတယ်။ လက်နက်ကြီးတွေတော့ တော်တော်ပစ်နေတယ် စကစကောင်တွေ” လို့ AA နဲ့နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ် ကိုဦးဆန်းက ပြောပါတယ်။
စစ်တပ်ဟာ အခုလို တပ်စခန်းတွေ သိမ်းပိုက်ခံထားရပြီး နောက်ပိုင်း လက်လွှတ်ခဲ့ရတဲ့ စခန်းကုန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို ဂျက်ဖိုက်တာတွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ်တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AA နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်၊ ၁၉ ရက်နဲ့ ၂၁ ရက်နေ့တို့မှာ ရေကြည်မြို့နယ် အတွင်းရှိ စစ်တပ်ရဲ့ ပွိုင့်(၂၈၈)၊ ပွိုင့်(၁၈၈)နဲ့ ပွိုင့် (၁၄၈) စခန်းကုန်းတို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာ ပွိုင့်(၂၂၇)ရဲ့ ကာကင်းနှစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့တာပါ။
စစ်တပ်ဟာ ရေကြည်မြို့နယ်အတွင်း ရိုးမတောင်ခြေက တပ်စခန်းငါးခုထက်မနည်း လက်လွှတ်ထားရသလို အမတ ၃၄၄ အနီး ဝန်းကျင်က တပ်စခန်းတွေလည်း ဆက်တိုက်လက်လွှတ်နေရပါတယ်။ အဲဒီလိုပွိုင့်ကုန်းနဲ့ ကာကင်းစခန်းတွေ တခုပြီးတခု သိမ်းပိုက်ခံရပြီးတဲ့နောက် ရေကြည်၊ သာပေါင်း၊ လေးမျက်နှာ မြို့နယ်တို့အတွင်းရှိ အခြေစိုက်တပ်ရင်းတွေနဲ့ တပ်စခန်းတွေဆီ အင်အားရာချီ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ရိုးမတောင်ခြေကျေးရွာ တွေက ပြည်သူတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအခက်အခဲတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
လက်ရှိမှာ ငဝန်မြစ်နဲ့ လေးမိုင်ဝန်းကျင်အကွာ ရိုးမတောင်ခြေတလျှောက် ဘုရားကြီး၊ ရွှေရင်မျှော်ကျေးရွာတွေနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အကျအဆုံး ရာချီရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းစစ်မျက်နှာအတွင်း တပ်စခန်းတွေ လက်လွှတ်ရပြီး အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ အရပ်သားလူနေကျေးရွာတွေအနီးမှာ စစ်စခန်းတွေတိုးချနေပြီး ရွာသားတွေကို အတင်းအဓမ္မ ဖယ်ရှားခိုင်းတာ၊ ရိက္ခာဖြတ်တောက်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
စစ်တပ်ဟာ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်း၊ လေးမျက်နှာမြို့နယ်တို့ကနေတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်း ဘက်ဆီ စစ်ကြောင်းထိုးဖို့၊ လက် လွှတ်ထားရတဲ့နေရာတွေ ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် ရှေ့မတိုးနိုင်ဘဲ စခန်းတွေ ထပ်မံသိမ်းပိုက်ခံရကာ တပ်ပြန်ဆုတ်နေကြရတာဖြစ်ပါတယ်။
#ဧရာဝတီတိုင်း #ရေကြည် #စစ်တပ် #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ
#DeltaNewsAgency #DNA