
“အိမ်ရှင်က အိမ်လစာလည်း ပိုရတယ်၊ ပွဲခလည်း တဝက်ရတယ် ဆိုတော့ အိမ်ငှားတယောက်ကို ကြာကြာ မထားချင်တော့ဘူး။ ကိုယ်ချင်းစာတရားကို မရှိတော့တာ”
၇၊ဇူလိုင်
အခန်းငှားခတွေ အနေနဲ့ အာဏာမသိမ်းခင် မြေညီတိုက်ခန်း ပေါက်စျေးထက် လက်ရှိအပေါ်ဆုံးအထပ် ငှားရမ်းခက ပိုများလာတဲ့အထိ တရှိန်ထိုးမြင့်တက်သွားခဲ့ပြီး အခန်းခနဲ့ ဝင်ငွေမမျှပဲ ဖြစ်နေတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်၊ငမိုးရိပ်ရပ် ကွက်မှာနေထိုင်သူ တဦးက ပြောပါတယ်။
“အခန်းခက တက်ပြီးရင်းတက်၊ ကုန်စျေးနူန်းက တက်နဲ့ ရတဲ့ဝင်ငွေက ဒုံရင်းအတိုင်းပဲဆိုတော့ အိမ်ငှားသမားတွေ ကျပ်တည်းသထက် ကျပ်ကုန်တာလေ “လို့ ဆိုပါတယ်။
ရန်ကုန်မြို့က ကန်ထရိုက်တိုက်ခန်း အများစုက ၃လကနေ ၆လလောက် အကြာမှာ ၃၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ် နီးပါးစျေးတက်လေ့ရှိတာလို့ လက်ရှိငှားရမ်းနေထိုင်သူတွေက ဆိုပါတယ်။
တက်တဲ့စျေး မပေးနိူင်ရင် အစဥ်အဆက် နေထိုင်ခဲ့သူတွေကို ဆင်းခိုင်းပြီး နောက်လူသစ်တင်ကာ ပွဲစားခရအောင် ဦးစားပေးလုပ်လာတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်သူတဦးက ဆိုပါတယ်။
အထပ်မြင့် ကန်ထရိုက်တိုက်ခန်းရဲ့ အပေါ်ဆုံးအထပ်ကို အခန်းအပြင်ဆင်ပေါ် မူတည်ပြီး ငှားရမ်းခ တလကို ကျပ် ၃ သိန်းထက် မနည်းရှိလာကာ အဲဒီနှူန်းထားမှာ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းကာလ အစောပိုင်းပေါက်တဲ့ မြေညီအခန်း ငှားခထက် များလာတယ်လို့ လက်ရှိအထိ တိုက်ခန်းငှားနေသူတွေက ဆိုပါတယ်။
“အာဏာသိမ်းပြီး တနှစ်အကြာက ငှားနေခဲ့တဲ့ အခန်းစျေးက တလတသိန်းနှစ်သောင်းပဲ ရှိတယ်။ အဲဒီတုန်းက မြေညီအခန်းက သုံးသိန်းအောက်ပဲ ရှိတယ်။ အခုတသိန်းစွန်းစွန်းနဲ့ နေခဲ့တဲ့အခန်းက သုံးသိန်းခွဲဖြစ်သွားပြီ။ မကြာဘူး ထပ်တက်မယ် အသံထွက်နေတယ် ” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ တိုက်ခန်းငှား ရမ်းနေသူတဦးက ပြောပါတယ်။
တိုက်ခန်းငှားရမ်းခတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ်တို့ အကြား တိုက်ပွဲပြင်းထန်မူနဲ့အတူ စစ်ဘေးရှောင်သူတွေ ရန်ကုန်မြို့မှာ ရောက်ရှိခိုလှုံကြရာကနေ စျေးမတန်တဆ အပြိုင်တိုးယူလာတာလို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
” ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်က စပြီးတိုက် ခန်းအငှားစျေးက တက်လာတာ၊ စစ်ဘေးရှောင်တွေက အခက်အခဲဖြစ်တော့ နေဖို့ရရင်ပြီးရောဆိုပြီး တောင်းသလောက် ပေးတယ်။ အဲဒါနဲ့ ဒီလောက်စျေး ရတယ်ဆိုပြီး ပွဲစားတွေရော ၊အိမ်ရှင်တွေရော စျေးလိုက်ညှိတယ်။ ဒီလိုနဲ့ တယောက်က စျေးတင်လိုက်၊ ကျန်တဲ့သူတွေ လိုက်တင်နဲ့ ဖြစ်ချင်တိုင်း ဖြစ်ကုန်တာ ” လို့ တိုက်ခန်းနဲ့အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်နေသူ တဦးက ပြောပါတယ်။
လက်ရှိ တိုက်ခန်းငှားရမ်းခ မြင့်တက်နေသလို မြေရှင်တွေက ရေဖိုးတိုးယူတာ၊ အိမ်ရှင်တွေက ပွဲစားခတဝက်ယူပြီး လူသစ်တင်တာမျိုးတွေပါ လုပ်လာတဲ့အတွက် ရေရှည်နေဖို့ ခက်တဲ့အခြေအနေ ဖြစ်နေကြရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
“အိမ်ရှင်က အိမ်လစာလည်း ပိုရတယ်၊ ပွဲခလည်း တဝက်ရတယ် ဆိုတော့ အိမ်ငှားတယောက်ကို ကြာကြာ မထားချင်တော့ဘူး။ ကိုယ်ချင်းစာတရားကို မရှိတော့တာ” လို့ သုဝဏ္ဏမြို့သစ်မှာ နေသူတဦးက ပြောပါတယ်။
အဲဒါကြောင့် တိုက်ခန်းငှားနေရသူတွေမှာ မကြာခဏ ပြောင်းနေရတဲ့အတွက် ပြောင်းရွှေ့စရိတ်နဲ့ ပွဲစားခ အပိုကုန်ကျနေကြရပြီး အတည်တကျ နေခွင့်ရအောင် ကိုယ်ကျိုးကြည့်တဲ့ အိမ်ရှင်နဲ့ပွဲစားတွေကို စည်းကြပ်၊ထိန်းကြောင်းတာတွေ လုပ်ပေးဖို့ မျှော်လင့်တယ်လို့ သူတို့က ပြောပါတယ်။
#ရန်ကုန် #အိမ်လခ #တိုက်ခန်းငှားခ
#DeltaNewsAgency #DNA