
နန်နင်းမြို့မှာ ရေကြီးမှုကြောင့် လူပေါင်း ၅၅,၀၀၀ ဘေးဒဏ်သင့်ခဲ့ပြီး ရေလှောင်တမံ သုံးခုမှာ ရေလျှံတာ ဒါမှမဟုတ် ကျိုးပေါက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒုတိယမြို့တော်ဝန် ဝေကျန်း က တနင်္လာနေ့မှာ ပြောပါတယ်။
၇ ၊ ဇူလိုင်
တရုတ်နိုင်ငံတောင်ပိုင်းမှာ အပူပိုင်းမုန်တိုင်းတခုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး၊ ဆည်တွေလည်း ကျိုးလို့ လူပေါင်းသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့မှာ တိုင်ဖွန်းမုန်တိုင်း မေဆတ်ကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ဗီယက်နမ်နိုင်ငံနဲ့ တရုတ်နိုင်ငံတောင်ပိုင်း ကျွန်းပြည်နယ်ဖြစ်တဲ့ ဟိုင်နန်တို့ကို တိုက်ခတ်ခဲ့တဲ့ မေဆတ်မုန်တိုင်းဟာ အရှိန်လျော့သွားပြီး ကုန်းတွင်းပိုင်းကို ဦးတည်ရွေ့လျားနေရာ တောင်တရုတ်ပင်လယ်ကို ဖြတ်လာချိန်က စုပ်ယူလာခဲ့တဲ့ ရေတွေကို မိုးပြန်ရွာချလိမ့်မယ်လို့ မိုးလေဝသပညာရှင်တွေက ပြောခဲ့ပါတယ်။
နန်နင်းမြို့မှာ ရေကြီးမှုကြောင့် လူပေါင်း ၅၅,၀၀၀ ဘေးဒဏ်သင့်ခဲ့ပြီး ရေလှောင်တမံ သုံးခုမှာ ရေလျှံတာ ဒါမှမဟုတ် ကျိုးပေါက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒုတိယမြို့တော်ဝန် ဝေကျန်း က တနင်္လာနေ့မှာ ပြောပါတယ်။
လူပေါင်း ၄၈,၀၀၀ ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
အင်မတန် မိုးများတဲ့ အခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို နှောင်နှေးစေနိုင်လို့ ရေဘေးကာကွယ်ရေးအပေါ်တုံ့ပြန်မှုကို အမြင့်ဆုံးအဆင့် သတ်မှတ်ထားပါတယ်။
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး ထိုင်ဝမ်ကျွန်းဘက်ကို ဦးတည်ရွေ့လျားနေတဲ့ စူပါတိုင်ဖုန်း ဘာဗီ (Bavi) အတွက်လည်း တရုတ်နိုင်ငံမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အဆိုပါမုန်တိုင်းဟာ တနင်္လာနေ့က ဂူအမ် ၊ တီနီယန် ၊ ဆိုင်ပန်နဲ့ ရိုတာကျွန်းစုတွေကို ဖြတ်သန်းချိန် တနာရီကို အများဆုံးလေတိုက်နှုန်း မိုင် ၁၈၀ အထိ တိုက်ခတ်ခဲ့တယ်လို့ အမေရိကန် အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။
တရုတ်သတင်းဌာန ဆင်ဟွာရဲ့အဆိုအရ မုန်တိုင်းဘာဗီကြောင့် လာမယ့်ကြာသပတေးနေ့ကစပြီး တရုတ်နိုင်ငံအရှေ့ပိုင်းမှာ လေပြင်းနဲ့ မိုးသည်းသည်းထန်ထန်ရွာနိုင်ကြောင်း မိုးလေဝသအာဏာပိုင်တွေက သတိပေးထားပါတယ်။
မိုးလေဝသပညာရှင်တွေရဲ့ အဆိုအရ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ပြင်းထန်တဲ့ ရာသီဥတုဘေးအန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှုကို ပိုမိုရင်ဆိုင်နေရပါတယ်။
မြို့ပြဧရိယာတွေ ရေလျှံတာ၊ စက်မှုလုပ်ငန်းတွေ ရပ်တန့်တာနဲ့ သီးနှံစိုက်ခင်းတွေ ရေမြုပ်တာ ဒါမှမဟုတ် မျှောပါတာ စတဲ့ ရာသီဥတုနဲ့ဆက်စပ်တဲ့ ဘေးအန္တရာယ်တွေကြောင့် နှစ်စဉ် ဒေါ်လာဘီလီယံချီ တန်ဖိုးရှိတဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးနိုင်ကြောင်း လေ့လာဆန်းစစ်သူတွေက မှတ်ချက်ပြုခဲ့ပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း ကွမ်ရှီး၊ ကွေ့ကျိုး၊ ဟူနန်နဲ့ တခြားဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း တရုတ်မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အဆိုပါ ဒေသသုံးခုမှာ လူဦးရေ သန်း ၁၅၀ ကျော် နေထိုင်ကြပြီး အဆိုပါပမာဏဟာ ရုရှားနိုင်ငံရဲ့ လူဦးရေထက် ပိုများပါတယ်။
Ref – theguardian
#တရုတ် #မိုးများ #ရေကြီး #ဆည်ကျိုး
#DeltaNewsAgency #DNA