တရုတ်က ပစိဖိတ်သမုဒ္ဒရာထဲကို ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကြောင့် ဒေသတွင်းအင်အားကြီးနိုင်ငံတွေအကြား စိုးရိမ်မှု မြင့်တက်


ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာအရ အဆိုပါဒုံးကျည်ဟာ တရုတ်ကမ်းရိုးတန်းရေပိုင်နက်ကနေပြီး အမေရိကန်ပြည်ထောင်စု ပင်မကုန်းတွင်းပိုင်းအထိ ‌ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

၇ ၊ ဇူလိုင်

တရုတ်စစ်တပ်ဟာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းပေါ်ကနေ ပစိဖိတ်သမုဒ္ဒရာထဲကို ဒုံးကျည်တစင်း ဇူလိုင်လ ၆ရက်နေ့က စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီးနောက် အဆိုပါလုပ်ရပ်အပေါ် အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်နဲ့ ထိုင်ဝမ်တို့က ဝေဖန်ကန့်ကွက်ခဲ့ကြသလို စိုးရိမ်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်ပိုင် ရေငုပ်သင်္ဘောတစင်းဟာ ထိပ်ဖူးတုတပ်ဆင်ထားတဲ့ အဆိုပါဒုံးကျည်ကို ဒေသစံတော်ချိန် မွန်းလွဲ ၁၂:၀၁ နာရီ မှာ ပစိဖိတ်သမုဒ္ဒရာထဲက နိုင်ငံတကာရေပိုင်နက်ဆီ ဦးတည်ပစ်ခတ်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါပစ်ခတ်မှုဟာ တရုတ်နိုင်ငံရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုဆိုင်ရာ “ပုံမှန်အစီအစဉ်” တခုသာဖြစ်ပြီး ဘယ်သတ်မှတ်နိုင်ငံ ဒါမှမဟုတ် ပစ်မှတ်ကို ရည်ရွယ်တာ မရှိဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က “သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ဒီကိစ္စအပေါ် အလွန်အကျွံ အဓိပ္ပာယ်ကောက်ယူတာမျိုး မလုပ်ကြဖို့ မျှော်လင့်ပါတယ်” လို့ ဘေကျင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်ရဲ့ အဆိုပါ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်ခဲ့တယ်လို့
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တော်မီ ပီဂေါ့တ်က ကြေညာချက်တခုမှာ ပြောပါတယ်။
“အရေးပါတဲ့ လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ တရုတ်နိုင်ငံကို ကျွန်တော်တို့ ဆက်လက်တိုက်တွန်းပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဆင်ဟွာသတင်းဌာနဟာ တရုတ်နိုင်ငံအနေနဲ့ ဘယ်ဒုံးကျည်အမျိုးအစားကို ပစ်ခတ်ခဲ့တယ်ဆိုတာကို အသေးစိတ် မဖော်ပြခဲ့ပါဘူး။

ဒါပေမယ့် စစ်ရေးကျွမ်းကျင်သူတဦးကို ကိုးကားပြီး နိုင်ငံပိုင် Global Times သတင်းစာကတော့ အဆိုပါ ဒုံးကျည်ဟာ ပြီးခဲ့တဲ့နှစ် စစ်ရေးပြအခမ်းအနားမှာ ပထမဆုံးထုတ်ဖော်ပြသခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး ရေငုပ်သင်္ဘောပစ်ဒုံးကျည် အမျိုးအစား JL-3 ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာအရ အဆိုပါဒုံးကျည်ဟာ တရုတ်ကမ်းရိုးတန်းရေပိုင်နက်ကနေပြီး အမေရိကန်ပြည်ထောင်စု ပင်မကုန်းတွင်းပိုင်းအထိ ‌ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

“တရုတ်စစ်တပ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပိုမိုနားလည်နိုင်ဖို့ အမေရိကန်နဲ့ အခြားနိုင်ငံတွေက ဒီစမ်းသပ်ပစ်ခတ်မှုကို အနီးကပ်စောင့်ကြည့်ပြီး လေ့လာသွားမှာ ဖြစ်ပါတယ်။” လို့ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) ရဲ့ တရုတ်လုံခြုံရေးနဲ့ ကာကွယ်ရေးမူဝါဒဆိုင်ရာ အကြီးတန်း ပညာရှင် မီယာ နိုဝင်စ် က တရုတ်စစ်တပ်ကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။

Ref – Reuters
#တရုတ် #ဒုံးကျည်ပစ်လွှတ် #စိုးရိမ်မှုမြင့်တက်
#DeltaNewsAgency #DNA