ပေါ်တူဂီ၊ ဂရိ၊ ပြင်သစ်နဲ့ စပိန်တို့မှာ တောမီးတွေလောင်နေ

အခုနောက်ဆုံးဖြစ်ပွားတဲ့ တောမီးတွေဟာ ဥရောပဒေသအတော်များများမှာ နွေရာသီ အပူလှိုင်းဒဏ်ကို စောစောစီးစီး ခံစားခဲ့ရပြီးနောက်ပိုင်း ပေါ်ပေါက်လာတာပါ။

၆ ၊ ဇူလိုင်

ဥရောပတောင်ပိုင်းက နိုင်ငံ ၆နိုင်ငံမှာ တောမီးတွေ ဆိုးဆိုးရွားရွား လောင်နေပါတယ်။

နွေရာသီ ခရီးသွားရာသီ အရှိန်အဟုန်ကောင်းနေချိန်မှာပဲ ပေါ်တူဂီ၊ ဂရိ၊ စပိန်နဲ့ ဘော်လ်ကန်ဒေသတွေမှာလည်း တောမီးလောင်မှုတွေ ဖြစ်ပွားနေတာပါ။

ဥရောပမူဝါဒချမှတ်သူတွေကတော့ ဒီနှစ်ထဲမှာ (အထူးသဖြင့် ဇူလိုင်နဲ့ သြဂုတ်လတွေမှာ) တောမီးအန္တရာယ် အလွန်အမင်း စိုးရိမ်ရတယ်လို့ သတိပေးထားကြပါတယ်။

တနင်္ဂနွေနေ့ကလည်း ဥရောပတောင်ပိုင်းတစ်ခွင်မှာ မီးသတ်သမားတွေဟာ တောမီးအများအပြားကို အပြင်းအထန် ငြှိမ်းသတ်ခဲ့ရပါတယ်။

ပြင်သစ်အာဏာပိုင်တွေကတော့ စက်ဘီးပြိုင်ပွဲလမ်းကြောင်းနဲ့ ၆၀ ကီလိုမီတာ (၃၇ မိုင်) အကွာမှာ တောမီးတွေ ပြင်းထန်နေတာကြောင့် Tour de France ရဲ့ တတိယအဆင့်ကို ဖျက်သိမ်းမလား၊ မဖျက်သိမ်းဘူးလားဆိုတာကို တနင်္ဂနွေနေ့အကုန်မှာ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။

မီးလောင်ပြင် အလျား ၁၈ ကီလိုမီတာအထိ ကျယ်ပြန့်နေတဲ့ ဒီတောမီးကို ထိန်းချုပ်ဖို့ မီးသတ်သမား ၇၅၀ ၊ မော်တော်ယာဉ် ၂၀၀ နဲ့ မီးသတ်ရဟတ်ယာဉ် ၉ စင်းအပြင် တခြားလေယာဉ်တွေကိုပါ အသုံးပြုထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြင်သစ်အရှေ့တောင်ပိုင်း Drome ခရိုင်ရဲ့ တောင်တန်းဒေသမှာလည်း နောက်ထပ်တောမီးတစ်ခုကို မီးသတ်သမား ၃၀၀ လောက်နဲ့ ဝိုင်းဝန်းငြှိမ်းသတ်နေကြရပါတယ်။

တဖက်မှာလည်း ပေါ်တူဂီအလယ်ပိုင်း ဗူဇီလာဒေသမှာ ကြာသပတေးနေ့ကတည်းက လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ဟက်တာ ၁၂,၀၀၀ (ဧက ၃၀,၀၀၀)  ပျက်စီးသွားပြီလို့ နိုင်ငံရဲ့ ပြည်သူ့ကာကွယ်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။

မီးငြှိမ်းသတ်ဖို့အတွက် မီးသတ်သမား ၁,၂၀၀ ကျော်၊ ယာဉ်အစီးရေ ၄၀၀ နီးပါးနဲ့ လေယာဉ် ၁၅ စင်းတို့နဲ့ အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပါတယ်။

စပိန်နိုင်ငံက သောကြာနေ့မှာ ပေါ်တူဂီကို ကူညီဖို့ မီးသတ်သမားတွေ၊ မော်တော်ယာဉ်တွေနဲ့အတူ မီးသတ်လေယာဉ် ၂ စင်း စေလွှတ်ပေးခဲ့ပြီး၊ အီတလီကလည်း မီးသတ်လေယာဉ် ၂ စင်း ကူညီပေးခဲ့ပါတယ်။

စပိန်အရှေ့မြောက်ပိုင်း ဂျီရိုနာဒေသမှာ သောကြာနေ့ကတည်းက လောင်နေတဲ့ တောမီးကြောင့် မြေဟက်တာ ၂,၂၀၀ (ဧက ၅,၄၀၀) နီးပါး ပျက်စီးသွားပြီလို့ EFE သတင်းဌာနက ဖော်ပြပါတယ်။

ဒေသခံ မီးသတ်အရာရှိတစ်ဦးကတော့ တနင်္ဂနွေနေ့မှာ မီးကို ထိန်းချုပ်နိုင်ဖို့ မလွယ်သေးဘူးလို့ ပြောပါတယ်။

အနီးနားမှာနေထိုင်တဲ့ လူဦးရေ ၅၀,၀၀၀ နီးပါးကို အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားရ ဒါမှမဟုတ် ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရတယ်လို့ ဒေသတွင်းမီဒီယာတွေက ဆိုပါတယ်။

လမ်းဘေးအလုပ်ခွင်တခုမှာ စက်ဝိုင်းလွှ သုံးရာကနေ မတော်တဆ မီးပွားထွက်ပြီး တောမီးစတင်လောင်ကျွမ်းစေခဲ့တယ်ဆိုတဲ့ သံသယနဲ့ အမျိုးသားတဦးကိုလည်း ဖမ်းဆီးထားပါတယ်။

ဂရိနိုင်ငံမှာတော့ တနင်္ဂနွေနေ့မွန်းလွဲပိုင်းက မြို့တော် အေသင်ရဲ့ အနောက်ဘက်မှာ အကြီးစားတောမီးတခု စတင်လောင်ကျွမ်းခဲ့ပါတယ်။

မန်ဒရာဒေသက ထင်းရှူးတောထဲမှာ မီးလောင်နေတာဖြစ်ပြီး မီးသတ်သမား ၁၅၀ ကျော်၊ လေယာဉ် ၂၂ စင်းတို့အပြင် အထူးအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေပါ ဝိုင်းဝန်းငြှိမ်းသတ်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂရိရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ သက်ဆာလိုနီကီရဲ့ တချို့နေရာတွေမှာတော့ တောမီးကနေတစ်ဆင့် စွန့်ပစ်ပစ္စည်းဟောင်းစက်ရုံကို ကူးစက်သွားပြီး အဆိပ်ငွေ့တွေ ထွက်နေတာကြောင့် ဒေသခံတွေကို အိမ် တံခါးတွေ၊ ပြတင်းပေါက်တွေပိတ်ပြီး အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။

မီးသတ်ဌာနရဲ့ အဆိုအရ ယာဉ်မောင်းနှင်ရာကနေ မီးပွားထွက်ပြီး သစ်ပင်ခြုံနွယ်တွေကို မီးကူးစက်လောင်ကျွမ်းစေခဲ့တယ်ဆိုတဲ့ သံသယနဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ဥရောပတောင်ပိုင်းမှာ တောမီးလောင်တဲ့ရာသီတွေ ပိုရှည်ကြာလာပြီး မီးလောင်တဲ့ဧရိယာတွေလည်း ပိုကျယ်ပြန့်လာတာကြောင့် တောမီးဘေးအန္တရာယ်ဟာ ပိုပြင်းထန်လာပါတယ်။

အခုနောက်ဆုံးဖြစ်ပွားတဲ့ တောမီးတွေဟာ ဥရောပဒေသအတော်များများမှာ နွေရာသီ အပူလှိုင်းဒဏ်ကို စောစောစီးစီး ခံစားခဲ့ရပြီးနောက်ပိုင်း ပေါ်ပေါက်လာတာပါ။

ဥရောပသမဂ္ဂ (EU) ရဲ့ အမှုဆောင်အဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင်ဟာ တောမီးရာသီအတွက် ပြင်ဆင်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး၊ သမိုင်းတစ်လျှောက် အကြီးမားဆုံးအနေနဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ထားပါတယ်။

ဒီကယ်ဆယ်ရေးအဖွဲ့တွေကို မီးသတ်လေယာဉ်တွေနဲ့အတူ ဆိုက်ပရပ်စ်၊ ဂရိ၊ အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေက အန္တရာယ်ရှိတဲ့ နေရာတွေမှာ ကြိုတင်နေရာချထားပေးတယ်လို့ သိရပါတယ်။

Ref – DW/AP/AFP/Reuters