
“အသုတ်ကနေတဆင့် ရှေ့တန်းကို ဆက်ပို့နေတယ် အင်အားတွေ။ စက်ဒေါင့်ကြီးမှာကျတော့ မြစ်ထဲကနေ လက်နက်ကြီးတွေ၊ ရိက္ခာတွေ တင်တယ်။ ပြီးရင် အခုတိုက်ပွဲဖြစ်နေတဲ့ ဘုရားကြီး ဘက်တွေမှာ အမြောက်စခန်းတွေ ချတာ”
၆၊ ဇူလိုင်။
ဧရာ၀တီတိုင်း ရေကြည်မြို့နယ်အတွင်းက စစ်တပ်ရဲ့ အရေးပါတဲ့ စခန်းကြီးတွေ ဆက်တိုက် သိမ်းပိုက်ခံရ ပြီးတဲ့နောက် ရိုးမတောင်ခြေ တလျှောက် ခံစစ်ပြင်နေပြီး အသုတ်မြို့အနီး စက်ဒေါင့်ကြီးကျေးရွာမှာ စစ်အင်အား ဖြည့်တင်းနေပါတယ်။
“စက်ဒေါင့်ကြီးနဲ့ အသုတ်က ဆိုင်ကယ်နဲ့ သွားရင် ၄၅ မိနစ်လောက်ဆို ရောက်တယ်။ အဲဒီမှာ တပ်က တောက်လျှောက် အခြေပြုတယ်။ ဒီရက်ထဲမှာလည်း ဖမ်းတာဆီးတာတွေလည်း ရှိတယ်” အသက် ၄၀ ဝန်းကျင်ရှိ အသုတ်မြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့ထိ လဝက်ကျော်အတွင်း ရေကြည်၊ သာပေါင်း အစပ် ရိုးမတောင်ခြေ၊ ဘိုးတော်ချောင်းဖျားဒေသမှာရှိတဲ့ စစ်တပ်ရဲ့ ပွိုင့်စခန်းကုန်း သုံးခုနဲ့ ကာကင်းစခန်းနှစ်ခုတို့ကို အာရက္ခ တပ်တော်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ပြီး နောက်ပိုင်းမှာ စက်ဒေါင့်ကြီးမှာ စစ်အင်အားတွေ ပိုပြီးဖြည့်တင်းလာတယ်လို့ဆိုပါတယ်။
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်စပ် ဧရိယာတွေကို ခြုံငုံသုံးသပ်နိုင်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ တွေ့ရှိချက်အရ အဲဒီလိုပွိုင့်ကုန်းနဲ့ ကာကင်းစခန်းတွေ တခုပြီးတခု သိမ်းပိုက်ခံရပြီးတဲ့နောက် ရေကြည်၊ သာပေါင်း၊ လေးမျက်နှာ မြို့နယ်တို့အတွင်းရှိ အခြေစိုက်တပ်ရင်းတွေနဲ့ တပ်စခန်းတွေဆီ အင်အားရာချီဖြည့်တင်းနေတာလို့ ဆိုပါတယ်။
“စစ်ကားတွေ တရက်မှာ ဆယ်စီးလောက်ဆင်းတယ်။ နေရာအနှံ့ အင်အားဖြည့်နေတာ။ ဒီနေ့လည်း ခြောက် စီးရှိပြီ။ ၃၄၄ ထဲကိုရော၊ ရှေ့တန်းစခန်းတွေကိုရော ပို့နေတာပါ။ တိုက်ပွဲ တော်တော်ပြင်းလာမယ် ထင်တယ် ကြည့်ရတာ” လို့ ငသိုင်းချောင်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ ရိုးမတောင်ခြေတလျှောက် ရှေ့တန်းစခန်းတွေ၊ ရေကြည်မြို့နယ် မြောက်စမ်းအမြောက် တပ် အမတ ၃၄၄ တပ်ရင်းနဲ့ အဲဒီအနီးတဝိုက် ပုသိမ် – မုံရွာကားလမ်းမပေါ် တပ်စခန်းတွေဆီကို အင်အားဖြည့်တင်း နေတာပါ။
“ဒီကောင်တွေက ပထမတော့ ရိုးပေါ်ကို တန်ပြန်စစ်ကြောင်းထိုးဖို့ လုပ်တာ။ အခု တပ်လန်ပြီး နဂိုရှိတဲ့ စခန်းတွေပါ ထပ်ပါသွားတော့ အခိုင်အမာ ကာကင်းတွေလုပ်ဖို့ ကြိုးစားနေတာ။ ပုသိမ် -မုံရွာ လမ်းတလျှောက်မှာဆိုရင် ကာကင်းကြီးတွေ တော်တော်ခိုင်ခိုင်မာမာ လုပ်ထားတယ်” လို့ AA နဲ့ နီးစပ်တဲ့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။
စက်ဒေါင့်ကြီးကျေးရွာက ငဝန်မြစ်အနီးမှာ ရှိနေပြီး အဲဒီကနေတဆင့် ဘုရားကြီး၊ ထုတ်လုပ်ရေး၊မရမ်းချို စတဲ့ ရွာတွေက တဆင့် ရခိုင်ရိုးမအပေါ်အထိ လမ်းပေါက်ပြီး အချက်အခြာကျတဲ့ နေရာတခုပါ။
“အသုတ်ကနေတဆင့် ရှေ့တန်းကို ဆက်ပို့နေတယ် အင်အားတွေ။ စက်ဒေါင့်ကြီးမှာကျတော့ မြစ်ထဲကနေ လက်နက်ကြီးတွေ၊ ရိက္ခာတွေ တင်တယ်။ ပြီးရင် အခုတိုက်ပွဲဖြစ်နေတဲ့ ဘုရားကြီး ဘက်တွေမှာ အမြောက်စခန်းတွေ ချတာ” လို့ ရေကြည်ဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ ရိုးမတောင်ခြေက တပ်စခန်း ငါးခုထက်မနည်း လက်လွှတ်ထားရသလို အမတ ၃၄၄ အနီး ဝန်းကျင်က တပ်စခန်းတွေလည်း ဆက်တိုက် လက်လွှတ်နေရပါတယ်။ အဲဒီလို စခန်းတွေ လက်လွှတ်၊ အထိနာနေချိန် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေတဲ့အတွက် ရိုးမတောင်ခြေ ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ဒါ့အပြင် စစ်တပ်ဟာ သာပေါင်းနဲ့ ရေကြည်မြို့နယ်အစပ်က ကျေးရွာတွေက ဒေသခံတွေကို ရွာကနေ အတင်းအဓ္မ ပြောင်းရွှေ့ခိုင်းပြီး စခန်းချတာ ၊ ရိက္ခာဖြတ်တောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ငဝန်မြစ်နဲ့ လေးမိုင်ဝန်းကျင်အကွာ ရိုးမတောင်ခြေတလျှောက် ဘုရားကြီး၊ ရွှေရင်မျှော်ကျေးရွာတွေနဲ့အ နီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အကျအဆုံး ရာချီရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။