ရန်ကုန်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အသစ်ပြန်မရွေးဘဲ လူဟောင်းတွေကိုသာ သင်တန်းပေးနေ

” အုပ်ချုပ်ရေးမှူးပြန်ရွေးဖို့ဆိုပြီး အစည်းအ ဝေးခေါ်တာကြာပြီ။ အခုပြန်ငြိမ်နေတယ်။ အပိုင်ရာအိမ်မှူးက သူတို့ပဲဆက်လုပ်မှာလို့ပြောနေတာပဲ ”

၁၊ ဇူလိုင်

စစ်အစိုးရဟာ ရန်ကုန်တိုင်းအတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နေရာမှာ လူသစ်တွေအစား လူဟောင်းတွေကိုသာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတွေ ပေးနေပြီး အုပ်ချုပ်ရေးကို အခိုင်အမာ တည်ဆောက်နေပါတယ်။

“ရပ်ကျေးရွေးပွဲ လုပ်ဖို့ သီးခြားညွန်ကြားတာမရှိပဲ မြို့နယ်အလိုက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို သင်တန်းပေးမဲ့ကိစ္စကို ဦးစားပေး လုပ်ခိုင်းထားတယ် “လို့ အမည်မဖေါ်လိုတဲ့ အသက် ၄၀ ကျော် မြို့နယ်ထွေအုပ် အရာရှိတဦးက ပြောပါတယ်။

 

စစ်အစိုးရအနေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည် ရွေးချယ်ခန့်ထားဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ လက်ရှိ လူဟောင်းတွေနဲ့သာ ဆက်သွားဖို့ စီစဉ်နေတာကို တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

မူလက ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးပွဲလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ရပ်ကွက်အလိုက် ရပ်မိ၊ရပ်ဖ ရွေးချယ်တာကို အရင်လုပ်ထားခဲ့ပြီး အခြေအနေ ထူးမလာဘူးလို့ ရန်ကုန်မြို့ ခံ တချို့ဆီက သိရပါတယ်။

” အုပ်ချုပ်ရေးမှူးပြန်ရွေးဖို့ဆိုပြီး အစည်းအ ဝေးခေါ်တာကြာပြီ။ အခုပြန်ငြိမ်နေတယ်။ အပိုင်ရာအိမ်မှူးက သူတို့ပဲဆက်လုပ်မှာလို့ပြောနေတာပဲ ” လို့ မှော်ဘီမြို့နယ်၊ရဲဘော်စျေးအနီး နေထိုင်သူတဦးက

ပြောပါတယ်။

လက်ရှိရပ်ကျေးအုပ်ချုပ်ရေးမှူး အများစုမှာ စစ်အုပ်စုအလိုကျ အမိန့်နာခံသူတွေ ဖြစ်တာကြောင့် လူထုက ရွေးချယ်တဲ့  လူသစ်နဲ့ အစားမထိုးဘဲ ဆက်အသုံးချဖို့ ရည်ရွယ်ထားတာ ဖြစ်နိူင်တယ်လို့ မြို့ခံပြည်သူတွေက သုံးသပ်ပါတယ်။

မြန်မာနိူင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး အများစု နူတ်ထွက်တာ၊ ရပ်နားခံရတာတွေ ရှိခဲ့ပြီး စစ်အုပ်စုအလိုကျ လူပုဂ္ဂိုလ်တွေနဲ့ အစားထိုးခန့်ထားခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီလို အစားထိုး ခန့်ခံရတဲ့ သူတွေမှာ အကျင့်ပျက် ခြစားတာ၊ အာဏာအလွဲသုံးစား လုပ်တာအပြင် သတင်းပေးအဖြစ်နဲ့ ရပ်တည်လုပ်ဆောင်နေတာတွေကြောင့် ဝေဖန်မူတွေရှိခဲ့ပါတယ်။