
“ထိုင်ဝမ်အရေးမှာ လှုပ်ရှားမှု သေးသေးလေးတခုကတောင် အခြေအနေတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနိုင်တယ်”လို့ ဝမ်ယိက ပြောကြားခဲ့ပြီး တရုတ်နဲ့ အမေရိကန်တို့ဟာ ဖြစ်ပေါ်လာနိုင်ချေရှိတဲ့ အန္တရာယ်အမျိုးမျိုးကို စီမံခန့်ခွဲဖို့ အတူတကွ လုပ်ဆောင်သင့်တယ်လို့ ဖြည့်စွက်ပြောခဲ့တယ်လို့ သိရပါတယ်။
၂ ၊ ဇူလိုင်လ
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို “သေသေချာချာ သတိထား” ကိုင်တွယ်ဖို့ အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းခဲ့ကြောင်း ဇွန်လ ၃၀ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ ဖုန်းနဲ့ ဆွေးနွေးချိန်မှာ ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဖုန်းပြောဆိုမှုနဲ့ ပတ်သတ်ပြီး တရုတ်အစိုးရတရားဝင်ရဲ့ အကျဉ်းချုပ်ဖော်ပြချက်အရ “ထိုင်ဝမ်အရေးမှာ လှုပ်ရှားမှု သေးသေးလေးတခုကတောင် အခြေအနေတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနိုင်တယ်”လို့ ဝမ်ယိက ပြောကြားခဲ့ပြီး တရုတ်နဲ့ အမေရိကန်တို့ဟာ ဖြစ်ပေါ်လာနိုင်ချေရှိတဲ့ အန္တရာယ်အမျိုးမျိုးကို စီမံခန့်ခွဲဖို့ အတူတကွ လုပ်ဆောင်သင့်တယ်လို့ ဖြည့်စွက်ပြောခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရိုက်တာသတင်းဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
မေလလယ်က ဘေကျင်းမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံခဲ့တဲ့ ထိပ်သီးအစည်းအဝေးအပြီးမှာ အဆိုပါဖုန်းခေါ်မှု ပေါ်ပေါက်လာတာပါ။
အဲဒီ့အစည်းအဝေးမှာ ရှီက ထရမ့်ကို ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုတွေကို ကိုင်တွယ်မှု မှားယွင်းပါက တရုတ်-အမေရိကန် ဆက်ဆံရေးကို “အလွန်အန္တရာယ်များတဲ့အခြေအနေ” ကို တွန်းပို့နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဘေကျင်းအစိုးရဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေအဖြစ် အခိုင်အမာဆိုထားပါတယ်။ ထိုင်ဝမ်ကလည်း ပေကျင်းရဲ့ ကြေညာချက်တွေကို ပယ်ချထားပြီး အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မယ့် နည်းလမ်းတွေ ထောက်ပံ့ပေးဖို့ ဥပဒေအရ တာဝန်ရှိနေပါတယ်။
ဝမ်ယိက အမေရိကန်နှင့် တရုတ်တို့ဟာ “အပြုသဘောဆောင်ပြီး မဟာဗျူဟာမြောက် တည်ငြိမ်တဲ့ ဆက်ဆံရေး” ကို တည်ဆောက်ဖို့ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
“နှစ်ဖက်စလုံးဟာ အနှောင့်အယှက်တွေကို ဖယ်ရှား၊ အတားအဆီးတွေကို ကျော်လွှားပြီး ဒီမှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းရပါမယ်” ဆက်ပြောပါတယ်။
Ref – Reuters