
ရှီကျင့်ဖျင်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုအတွင်း တရုတ်စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် အဆင့်ဆင့် ဖယ်ရှားခံခဲ့ရပြီးနောက်၊ စစ်တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာဆန်းစစ်သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
၁ ၊ ဇူလိုင်
တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံရဲ့စစ်တပ်ကို ပိုမိုအားကောင်းခေတ်မီအောင် လုပ်ဆောင်သွားဖို့နဲ့ အာဏာရကွန်မြူနစ်ပါတီအတွင်း အဂတိလိုက်စားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ဇူလိုင်လ ၁ရက်နေ့မှာ ကတိပြုပြောလိုက်ပါတယ်။
Great Hall of the People ခန်းမဆောင်မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေအပြင် ပါတီဝင်တွေလည်း တက်ရောက်ခဲ့ကြပြီး “အင်အားတောင့်တင်းတဲ့ စစ်တပ်” ရှိဖို့ အရေးကြီးကြောင်း ရှီကျင့်ဖျင်က အလေးပေးပြောခဲ့ပါတယ်။
ရှီကျင့်ဖျင်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုအတွင်း တရုတ်စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် အဆင့်ဆင့် ဖယ်ရှားခံခဲ့ရပြီးနောက်၊ စစ်တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာဆန်းစစ်သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
အဂတိလိုက်စားမှုကို ဖယ်ရှားဖို့ ရှီကျင့်ဖျင်ရဲ့ နှစ်ချီကြာ ကြိုးပမ်းမှုအတွင်း ပြီးခဲ့တဲ့ သုံးနှစ်မှာ ကာကွယ်ရေးဝန်ကြီး နှစ်ဦး ရာထူးကနေ ဖယ်ရှားခံရပြီး ကနဦး အဖွဲ့ဝင် ခုနစ်ဦးရှိခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးစစ်ဘက်ဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ ဗဟိုစစ်ကော်မရှင်မှာ လက်ရှိ ရှီကျင့်ဖျင်နဲ့ အခြားဗိုလ်ချုပ်ကြီးတစ်ဦးသာ ကျန်ရှိတော့တဲ့အထိ လျော့နည်းသွားခဲ့ပါတယ်။
ကွန်မြူနစ်ပါတီအနေနဲ့ “အဂတိလိုက်စားမှုကို ပြတ်ပြတ်သားသား၊ ရေရှည်နဲ့ ဘက်စုံတိုက်ဖျက်မယ့် အရေးကြီးတဲ့ တိုက်ပွဲကို ဆင်နွှဲရမယ်” လို့ သမ္မတ ရှီက ဖြည့်စွက်ပြောခဲ့ပါတယ်။
ရှီကျင့်ဖျင် ဦးဆောင်တဲ့ ဗဟိုစစ်ကော်မရှင်ဟာ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဗိုလ်မှူးကြီးတွေကို “ပြတ်သားစွာ ပညာပေးရန်၊ ပြတ်သားစွာ စီမံခန့်ခွဲရန်နှင့် ပြတ်သားစွာ ကြီးကြပ်ရန်အတွက် သံမဏိစည်းမျဉ်းများကို ချမှတ်သွားမယ့်” လုပ်ထုံးလုပ်နည်းအသစ်တွေကို ထုတ်ပြန်ထားကြောင်း နိုင်ငံပိုင်မီဒီယာက မေလမှာ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဘေဂျင်းက သူ့ပိုင်နက်အဖြစ် အခိုင်အမာဆိုထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်း ထိုင်ဝမ်ကို တရုတ်နိုင်ငံက ထိန်းချုပ်နိုင်ရေးအတွက် ကတိကဝတ်ကိုလည်း ရှီကျင့်ဖျင်က အဆိုပါ အခမ်းအနားမှာ ထပ်လောင်းပြောခဲ့ပါတယ်။
“ထိုင်ဝမ်မေးခွန်းကို ဖြေရှင်းတာနဲ့ မိခင်နိုင်ငံတော်ကြီး အပြည့်အဝပြန်လည်ပေါင်းစည်းရေးကို ဖော်ဆောင်တာဟာ ကျွန်တော်တို့ပါတီရဲ့ မယိမ်းမယိုင်တဲ့ သမိုင်းဝင်မစ်ရှင်ဖြစ်သလို၊ တရုတ်ပြည်သူအားလုံးရဲ့ တူညီတဲ့ မျှော်မှန်းချက်လည်း ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ရှီကျင့်ဖျင်က နိုင်ငံအမည်တပ်မပြောခဲ့ပေမယ့် မိမိနိုင်ငံအနေဖြင့် “ပြင်ပအင်အားစုတွေရဲ့ စွက်ဖက်မှုတွေကို ဆန့်ကျင်ကြဖို့” လည်း တိုက်တွန်းခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို ၁၉၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ တည်ထောင်ခဲ့ပြီး၊ ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်နှောင်းပိုင်းအထိ ပါတီဝင်ဦးရေ ၁၀၁ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
Ref – FRANCE 24