အမတ ၃၄၄ ကို နေ့စဉ်ရက်ဆက် အင်အားဖြည့်ပေးနေရ

“အင်အားဖြည့်တာရော၊ ဒဏ်ရာရတဲ့ကောင်တွေ၊ အလောင်းတွေ သယ်ထုတ်တာရောပဲ ရှိတယ်။ အကြီးပိုင်းတွေ တောင်ပါတယ် သေတာမှာ” လို့ အမတ ၃၄၄ အနီးမှာ နေထိုင်တဲ့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

၂၅၊ မေ။

အာရက္ခတပ်တော်(AA)နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ နဲ့ အနီးဆုံး ကာကင်းတွေကို ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း အမြောက်တပ်ကို နေ့စဉ် အင်အား၊လက်နက် ဖြည့်တင်းနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ခုရက်ပိုင်းထဲမှာ စစ်ကားအတက်အဆင်း အရမ်းများတာ၊ လူတွေလဲ အပြည့်ပဲဗျ။ ဆယ်စီးအထက်ရှိမယ်ဗျ” လို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

AA ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ်ပတ် မေလဆန်းလောက်ကတည်းက အမတ ၃၄၄ ကို အရှိန်အဟုန်မြင့် ထိုးစစ် ဆင်နေခဲ့တာဖြစ်ပြီး အခုအခါ တပ်အနီးဝန်းကျင်အထိပါ ထိုးစစ်ဆင်လာတာပါ။ အဲဒီလို ထိုးစစ်အဟုန်ပြင်းလာတာကြောင့် အမတ ၃၄၄ ဆီ စစ်ကူပို့ရတာရှိသလို တပ်ရင်းထဲက သေဆုံး၊ ဒဏ်ရာရသူတွေကိုလည်း အပြင်ထုတ်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အင်အားဖြည့်တာရော၊ ဒဏ်ရာရတဲ့ကောင်တွေ၊ အလောင်းတွေ သယ်ထုတ်တာရောပဲ ရှိတယ်။ အကြီးပိုင်းတွေ တောင်ပါတယ် သေတာမှာ” လို့ အမတ ၃၄၄ အနီးမှာ နေထိုင်တဲ့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကလည်း အမတ ၃၄၄ ရဲ့ ဒုတပ်ရင်းမှူးတဦးအပါအဝင် အရာရှိသုံးဦး စနိုက်ပါထိမှန်သေ ဆုံးခဲ့တယ်လို့ ကြားသိရကြောင်းလည်း သူကပြောပါတယ်။ AA သတင်းရင်းမြစ်တဦးကလည်း အဲဒီသေဆုံးမှုဟာ ဟုတ် မှန်ကြောင်းပြောပေမယ့်  DNA ကတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

စစ်တပ်ဘက်က သေဆုံး၊ ဒဏ်ရာရသူတွေကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) ဆီ သယ်သွားပြီး အဲဒီမှာ ဆေးကု၊ သဂြိုလ်ပေးနေတာပါ။ “တနေ့ကလည်း ကားဆယ်စီးလောက် ထွက်သွားတယ် တပ်ရင်းထဲကနေ၊ အဲဒီမှာ အလောင်းတွေ၊ ဒဏ်ရာရတွေ ပါတယ်ပြောတယ်။ စစ်ကူပို့သလို ဖောကားတွေနဲ့ မဟုတ်ဘူး။ မှန်လုံတွေနဲ့ သယ်သွားတာ” လို့ အမတ ၃၄၄ အနီးမှာ နေထိုင်သူက ပြောပါတယ်။

ရိုးမတောင်ခြေမှာရှိတဲ့ အမတ ၃၄၄ တပ်ရင်းကို အာရက္ခတပ်တော်နဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး အင် အားအလုံးအရင်းနဲ့ အပြီးသတ်သိမ်းပိုက်နိုင်ရေး ဦးတည်နေတယ်လို့ အာရက္ခတပ်တော်နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်မြစ်တဦးက ပြောပါတယ်။

“မိုးမကုန်ခင် ၃၄၄ ပြတ်သွားလိမ့်မယ်။ ဒါကို အပြတ်ချဖို့ လုပ်နေကြတယ် ကိုယ့်လူတွေ” လို့ တိုက်ပွဲအခြေအနေ တွေ သိထားတဲ့ AA သတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နဲ့ ၁၅ ရက်တွေမှာလည်း  အမတ ၃၄၄ ရဲ့ ကာကင်းအချို့ကို သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အမတ ၃၄၄ တပ်ရင်းထဲက  တပ်မိသားစုဝင်တွေ တိမ်းရှောင်နေကြတာတွေ့ရပြီး တပ်ပြေးတွေလည်း များလာနေတယ် ဒေသခံတွေက ပြော ကြပါတယ်။

စစ်တပ်ဘက်ကတော့ ရေကြည်မြို့နယ်အပြင် အင်္ဂပူမြို့နယ်ကနေလည်း ရိုးမပေါ် စစ်ကြောင်းထိုးနေပြီး လေးမျက်နှာမြို့မှာလည်း စစ်အင်အားတွေ ဖြည့်တင်းတာတွေ ရှိနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“စစ်ကားတွေ လာလာနေတာ တွေ့တယ်၊အင်အားနည်းနည်းဆီ ဖြည့်နေတာထင်တယ်။ တံတားဘက်ကို သွားကြတယ်။ အခု အမြှောက်ပစ်သံက ပတိမ်ကျော်ဘက်က ကြားကြားနေရတယ်”လို့ လေးမျက်နှာဒေသခံက ပြောပါတယ်။

စစ်တပ်ဟာ လေးမျက်နှာမြို့နယ်ထဲမှာ တံတားထိပ် ၊ နင်းကြမ်းရွာ ၊ ပတိမ်ကျော်ရွာ နဲ့ ဆီဆုံကုန်းရွာတွေမှာ ကင်းစခန်းတွေ ချထားရာကနေ အခုရက်ပိုင်းအတွင်းမှာ လေးမျက်နှာတံတားအဆင်းက ရွှေသစ်စုကျေးရွာမှာ ကင်းစခန်းထားဖို့ အင်အားစုစည်းနေပုံရတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်တပ်အနေနဲ့ အဲဒီလို စစ်ကြောင်းထိုး၊ ရှေ့တိုးတာတွေ ဆက်တိုက်လုပ်နေပေမယ့် လက်လွှတ်ထားရတဲ့ နယ် မြေတွေ သိမ်းနိုင်တာ မရှိဘူးလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

စစ်တပ်ဟာ သူတို့စိတ်ကြိုက်ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရသစ်လက်ထက်မှာ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ လေကြောင်း၊ ကြည်းကြောင်း အင်အားအ လုံးအရင်း သုံးကာ ကြိုးစားလာနေတာ ဖြစ်ပါတယ်။

ပုသိမ် – မုံရွာလမ်းမကြီး တလျှောက်နဲ့ ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်း ထန်နေတာကြောင့် စစ်တပ်ဘက်က အင်္ဂပူမြို့နယ် ကွင်းကောက်ရှိ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်း တတက(၅)မှာ အင်အားဖြည့်တင်းနေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။