
“နှစ်ဘက်စလုံးက အချိန်ယူပြီးတော့ သေချာမှန်ကန်အောင် လုပ်ရပါမယ်”လို့လည်း သူက ထပ်လောင်းပြောဆိုပါတယ်။ ထရမ့်ရဲ့ ပြောဆိုမှုအပေါ် အီရန်အစိုးရဘက်က ချက်ချင်း တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
၂၅၊ မေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဘယ်လိုသဘောတူညီချက်မျိုးကိုမဆို အလောတကြီး မလုပ်ကြဖို့ သူ့ရဲ့ကိုယ်စားလှယ်တွေကို ညွှန်ကြားထားတယ်လို့ မေလ ၂၅ ရက်၊ တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ရက်က ထွက်ပေါ်ခဲ့တဲ့ သုံးလကြာ စစ်ပွဲအတွက် အလှည့်အပြောင်းကောင်းတခု ချက်ချင်းရတော့မလို ဖြစ်ခဲ့တဲ့ မျှော်လင့်ချက်တွေကို ထရမ့်အစိုးရအဖွဲ့ဘက်က ပြန်ပြီးတော့ လျှော့ချလိုက်တာလည်း ဖြစ်ပါတယ်။
“ဟော်မုဇ် ရေလက်ကြားထဲက အီရန်သင်္ဘောတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ထားမှုဟာ သဘောတူညီချက်တခုရလို့၊ အတည်ပြုပြီး လက်မှတ်မထိုးမချင်း အပြည့်အဝ ဆက်ပြီးတော့ သက်ရောက်နေမှာပါ”လို့ ထရမ့်က Truth Social လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“နှစ်ဘက်စလုံးက အချိန်ယူပြီးတော့ သေချာမှန်ကန်အောင် လုပ်ရပါမယ်”လို့လည်း သူက ထပ်လောင်းပြောဆိုပါတယ်။ ထရမ့်ရဲ့ ပြောဆိုမှုအပေါ် အီရန်အစိုးရဘက်က ချက်ချင်း တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
ဒါပေမဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ နီးစပ်တဲ့ Tasnim သတင်းအေဂျင်စီကတော့ တီဟီရန်ရဲ့ ထိန်းချုပ်ခံထားရတဲ့ရန်ပုံငွေတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်အပါအဝင် ဖြစ်လာနိုင်ခြေရှိတဲ့ သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတချို့ကို အမေရိကန်ဘက်က ဆက်ပြီး နှောင့်ယှက်ပိတ်ဆို့နေတုန်းပဲလို့ ဆိုပါတယ်။
အစောပိုင်းက ဝါရှင်တန်နဲ့ အီရန်တို့ဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာတခုကို အတော်များများညှိနှိုင်းပြီးပြီလို့ ထရမ့်က ပြောခဲ့ပါသေးတယ်။
အဆိုပါ သဘောတူညီချက်က ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် သယ်ယူပို့ဆောင်မှု ငါးပုံတပုံလောက် ရှိတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်၊ လက်ဘနွန်မှာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာနဲ့ ဖြစ်နေတဲ့ အစ္စရေးရဲ့စစ်ပွဲ၊ ပြီးတော့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ အခြေအတွေမှာ တင်းမှာနေဆဲပါ။
ဒါ့အပြင် နိုင်ငံခြားဘဏ်တွေက ထိန်းချုပ်ထားတဲ့ ရေနံဝင်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာ ပြန်လွှတ်ပေးဖို့ တီဟီရန်ရဲ့တောင်းဆိုချက် စတဲ့ ခက်ခဲတဲ့ ကိစ္စရပ်တွေမှာလည်း နှစ်ဘက်စလုံး သဘောထားကွဲလွဲနေတုန်းပဲ ဖြစ်ပါတယ်။
ထရမ့် အစိုးရအဖွဲ့ရဲ့ အဆင့်မြင့်အရာရှိတဦးက အီရန်ရဲ့ လုပ်ထုံးလုပ်နည်းစနစ်တွေဟာ မြန်မြန်ဆန်ဆန် မရွေ့လျားနိုင်တာကြောင့် တနင်္ဂနွေနေ့မှာ သဘောတူညီချက် လက်မှတ်ထိုးဖြစ်မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ ညှိနှိုင်းနေတဲ့အထဲက နောက်ဆုံးရ အကြမ်းဖျင်းအချက်အလက်တွေကိုတော့ သူက ရှင်းပြခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ အဆိုပါ အရာရှိ ပြောတာကတော့ အမေရိကန်ဘက်က ရေတပ်ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးဖို့အတွက် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့နဲ့ တီဟီရန်ရဲ့ အဆင့်မြင့် နျူကလီးယား ယူရေနီယံတွေကို ဖယ်ရှားဖို့ မူအားဖြင့် သဘောတူထားတယ်လို့ ဆိုပါတယ်။
အီရန်ရဲ့ ခေါင်းဆောင်ကြီး အာယတိုလာ မိုဂျာတာဘာ ခါမေနီက အဆိုပါ သဘောတူညီချက်ရဲ့ အကြမ်းဖျင်းကို အတည်ပြုပေးထားတယ်လို့ အမေရိကန်ဘက်က နားလည်ထားကြောင်းလည်း သူက ပြောပါတယ်။
အဆိုပါ ပြောဆိုမှုအပေါ်မှာ အီရန်ဘက်က ချက်ချင်းအတည်ပြုတာမျိုး မရှိသလို မူအားဖြင့် သဘောတူတယ်ဆိုတာ ဘာကိုဆိုလိုသလဲ ဆိုတာကိုလည်း အသေးစိတ် ရှင်းလင်းပြောကြားတာမျိုး မရှိသေးပါဘူး။
အမေရိကန်အရာရှိကတော့ ဝါရှင်တန်အနေနဲ့ ပထမဆုံးအဆင့်မှာ ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့မှုကိုဖယ်ရှားဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။
နျူကလီးယားဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းဖို့ကတော့ အချိန်ပိုယူရလိမ့်မယ်လို့ သူက ဆိုပါတယ်။
အီရန်ဘက်က သတင်းမြစ်တွေကတော့ နောင်အဆင့်တွေမှာ သန့်စင်မှုအဆင့်မြင့် ယူရေနီယံသိုလှောင်မှု အငြင်းပွားမှုကို ဖြေရှင်းဖို့ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြီးကြပ်မှုအောက်မှာ အဆိုပါ ပစ္စည်းတွေကို သန့်စင်မှုအဆင့် လျှော့ချတာအပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကို ရှာဖွေသွားနိုင်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
အီရန်ဟာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ အမေရိကန်နဲ့ အစ္စရေးရဲ့ စွပ်စွဲချက်တွေကို ရေရှည်ငြင်းဆိုလာခဲ့တာဖြစ်ပြီး အရပ်ဘက်သုံးအတွက် ယူရေနီယံသန့်စင်ခွင့် ရှိတယ်လို့ ပြောနေတာပါ။
ဒါပေမဲ့ သူတို့ သန့်စင်ထားတဲ့ အဆင့်ဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ လိုအပ်တဲ့ ပမာဏထက် အဆမတန် သာလွန်နေတာလည်း ဖြစ်ပါတယ်။
Ref – Reuters