
လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ အိန္ဒိယဟာ မြို့တော်တော်များများမှာ မကြာသေးခင်က အပူချိန်တွေဟာ ၄၅ ဒီဂရီဆဲလ်စီးယပ်စ်အထက်မှာပဲ ရှိနေခဲ့တာပါ။
၂၅၊ မေ။
အိန္ဒိယတောင်ပိုင်းမှာ အခုနွေရာသီအတွင်း အပူလျှပ်ပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက မေလ ၂၄ရက် တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ကျန်းမာရေးသတိပေးချက်တွေ ထုတ်ပြန်ထားတဲ့ကြားကပဲ အိန္ဒိယနိုင်ငံရဲ့ ဒေသအတော်များများမှာ အပူလှိုင်းဒဏ်ကိုအလူးအလဲ ခံနေရတာပါ။
အိန္ဒိယဟာ အရင်ကတည်းက အပူဒဏ်ပြင်းတဲ့ နွေရာသီတွေနဲ့ မစိမ်းလှပါဘူး။ ဒါပေမဲ့ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့်အပူလှိုင်းဖြတ်တဲ့ ကာလတွေ ပိုကြာလာတာနဲ့ မကြာခဏ ပိုဖြစ်လာပါတယ်။
အပူရှိန်ကလည်း ပိုပြီးတော့တောင် ပြင်းထန်လာတယ်ဆိုတာကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုချက်တွေအရ သိရပါတယ်။
လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ အိန္ဒိယဟာ မြို့တော်တော်များများမှာ မကြာသေးခင်က အပူချိန်တွေဟာ ၄၅ ဒီဂရီဆဲလ်စီးယပ်စ်အထက်မှာပဲ ရှိနေခဲ့တာပါ။ သေဆုံးမှုတွေဟာ အိန္ဒိယတောင်ပိုင်း တီလန်ဂါန ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။
ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တပြည်နယ်လုံး အသိ၊ သတိနဲ့ စောင့်ကြည့်ကြဖို့ ပြည်နယ်အခွန်ဝန်ကြီးပွန်ဂူလေတီ သီရိနိဗာဆာ ရတ်ဒီက တိုက်တွန်းထားပါတယ်။
“အပူရှိန်ပြင်းထန်မှုဟာ တခါမှ မကြုံဖူးတဲ့အဆင့်ကို ရောက်နေတယ်” လို့ သူက ဆိုပါတယ်။
ဒါကြောင့် အပူလှိုင်းဖြတ်နေစဉ်အတွင်း ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်ရမလဲဆိုတာကို တီလန်ဂါနာက တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ပေးသင့်တယ်လို့ ဝန်ကြီးရတ်ဒီရဲ့ရုံးက ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြင်းထန်တဲ့အပူဒဏ်ကြောင့် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခန်းခြောက်ပြီး သွေးပြစ်လာနိုင်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေကပြောပါတယ်။
ပိုပြီးဆိုးရွားတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ ခန္ဓာကိုယ်ထဲက ကလီစာတွေ အလုပ်မလုပ်တော့ဘဲ ရပ်ဆိုင်းသွားနိုင်ပါတယ်။
ဒါကြောင့်မို့လို့ တီလန်ဂါနာ ဒေသခံအစိုးရက သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မဖြစ်မနေ အရေးကြီးကိစ္စမရှိရင် နေ့ခင်းဘက် အပြင်မထွက်ကြဖို့ အကြံပြုထားပါတယ်။
အခုတပတ် အစောပိုင်းတုန်းကလည်း အိန္ဒိယမိုးလေဝသဌာနက နိုင်ငံရဲ့ ဒေသအတော်များများမှာ ပုံမှန်ထက်ပိုမြင့်တဲ့ အပူချိန်တွေနဲ့ ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကို ခံရနိုင်တယ်လို့ ကြိုတင်ခန့်မှန်းခဲ့ပါသေးတယ်။
မြို့တော် နယူးဒေလီနဲ့ အနီးတဝိုက်က မြို့တွေမှာ အခုတပတ်လုံး အပူချိန်က ၄၀ ဒီဂရီဆဲလ်စီးယပ်စ် ကျော်မှာပဲ ရှိနေခဲ့တာပါ။ ဒါကြောင့်မို့လို့ လျှပ်စစ်မီးသုံးစွဲမှုဟာလည်း စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။
နေ့ခင်းဘက် မီးလိုပူတဲ့ အပူဒဏ်တင်မကဘဲ ညဘက်ရဲ့ အနိမ့်ဆုံးအပူချိန်ကလည်း မြင့်နေတာကြောင့် လူတွေမှာ အပူဒဏ်ကနေသက်သာရာရဖို့ အချိန်မရှိသလောက် ဖြစ်နေရပါတယ်။
ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ဖန်လုံအိမ်ဓာတ်ငွေ့ တတိယမြောက် အများဆုံး ထုတ်လွှတ်တဲ့နိုင်ငံ ဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက်လည်း ကျောက်မီးသွေးကိုပဲ အဓိကအားထားပြီး မီးရှို့အသုံးပြုနေရတာပါ။
အနောက်နိုင်ငံ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံအများစု သတ်မှတ်ထားတဲ့ နှစ်ထက် အနှစ် ၂၀ နောက်ကျပြီး ၂၀၇၀ ပြည့်နှစ်ကျမှ ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝမထုတ်လွှတ်တဲ့ စီးပွားရေးစနစ်ကို ရောက်အောင်လုပ်မယ်လို့ အိန္ဒိယက ကတိကဝတ်ပြုထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ သမိုင်းတလျှောက် တရားဝင်စံချိန်တင်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်ကတော့ ၅၁ ဒီဂရီဆဲလ်စီးယပ်စ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက ရာဂျက်စသန်ပြည်နယ်၊ ဖာလိုဒီမြို့မှာ တိုင်းထွာရရှိခဲ့တာ ဖြစ်ပါတယ်။
Ref – CNA