
အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ဟော်မုဇ် ရေလက်ကြားမှာရှိတဲ့ အီရန်ရေတပ်စခန်းစိုက်ရာ တောင်ပိုင်းဆိပ်ကမ်းမြို့ ဘန်ဒါအဘတ်စ်နားက နေရာတခုကို ပစ်မှတ်ထားခဲ့တာလို့ ဗိုလ်မှူး ဟော့ကင်းစ်က ပြောပါတယ်။
၂၆၊ မေ။
အမေရိကန်စစ်တပ်က အီရန်တောင်ပိုင်းကို တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်လိုက်ပါတယ်။ အီရန်ရဲ့ မစ်ဆိုင်းစင်တာတွေနဲ့ ရေမိုင်းထောင်ဖို့ ကြိုးစားနေတဲ့ လှေတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အဆိုပါ တိုက်ခိုက်မှုဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာဖြစ်ပြီး အီရန်တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေရန်ကနေ အမေရိကန်စစ်သည်တွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တင်မ်ဟော့ကင်းစ်က “အခုလက်ရှိ အပစ်အခတ်ရပ်စဲရေး ကာလအတွင်းမှာထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေသလို တဘက်ကလည်း မိမိတို့တပ်ဖွဲ့တွေကို ဆက်လက်ကာကွယ်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတချို့ ရှိနေပေမဲ့ ပဋိပက္ခကို အဆုံးသတ်မယ့် သဘောတူညီချက်တခု ရဖို့ကတော့ချက်ချင်းလက်ငင်း ဖြစ်မလာနိုင်သေးဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာကေးက ပြောကြားလိုက်တဲ့အချိန်မှာပဲ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
နယူးယောက်တိုင်းမ် သတင်းစာရဲ့ ဖော်ပြချက်အရ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ဟော်မုဇ် ရေလက်ကြားမှာရှိတဲ့ အီရန်ရေတပ်စခန်းစိုက်ရာ တောင်ပိုင်းဆိပ်ကမ်းမြို့ ဘန်ဒါအဘတ်စ်နားက နေရာတခုကို ပစ်မှတ်ထားခဲ့တာလို့ ဗိုလ်မှူး ဟော့ကင်းစ်က ပြောပါတယ်။
အဆိုပါမြို့မှာ ပေါက်ကွဲသံတွေ ကြားရပြီးတဲ့နောက် ဒေသခံအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ အီရန်အစိုးရမီဒီယာက အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုအပေါ် အီရန်ဘက်က တစုံတရာ တုံ့ပြန်လာတာ မရှိသေးပါဘူး။ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နဲ့ အီရန်ကြား ဖြစ်လာနိုင်ချေရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာလည်း မပြတ်သားသေးပါဘူး။
တိုက်ခိုက်မှုတွေ ဖြစ်ပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သဘောတူညီချက်ရဖို့ ဖြစ်နိုင်ခြေ ရှိနေသေးတယ်လို့ ပြောခဲ့ပြီး အင်္ဂါနေ့မှာ ပြုလုပ်မယ့် အီရန်ရဲ့ အဆင့်မြင့်ဆွေးနွေးရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာတာနိုင်ငံဝန်ကြီးချုပ်တို့ကြားက ဆွေးနွေးပွဲကို ထောက်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ရူဘီယိုက “တိုးတက်မှု ရှိ၊ မရှိ စောင့်ကြည့်ရမှာပါ။ မူလစာရွက်စာတမ်းမှာပါတဲ့ သတ်မှတ်အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးစရာတွေ အများကြီး ရှိနေသေးတယ်လို့ ထင်တဲ့အတွက်ရက်ပိုင်းလောက်တော့ အချိန်ယူရဦးမှာပါ” လို့ သတင်းထောက်တွေကို ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့လည်း သဘောတူညီချက်ကို ရယူချင်တဲ့ ဆန္ဒရှိကြောင်း ပြသထားတယ် လို့ သူက ဆိုလိုက်ပြီး “သူကတော့ ကောင်းမွန်တဲ့ သဘောတူညီချက်တခု ရရင်ရ၊ မရရင်တော့ လုံးဝသဘောတူမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက နှစ်ဘက်စလုံး သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ထရမ့်က အရိပ်အမြွက် ပြောခဲ့ပေမဲ့နောက်ပိုင်းမှာတော့ ညှိနှိုင်းဆွေးနွေးသူတွေကို အလောတကြီး မလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါပေမဲ့ အီရန်ပြောရေးဆိုခွင့်ရှိသူ ဘာကေးက “ဆွေးနွေးနေတဲ့ ကိစ္စရပ်အများစုမှာ အဖြေတခု ထွက်ပေါ်လာပြီလို့ ပြောရင် မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ သဘောတူညီချက်ကို ချက်ချင်း လက်မှတ်ရေးထိုးတော့မယ်လို့ ဆိုလိုတာလားဆိုရင်တော့ ဘယ်သူမှ အဲဒီလို အာမမခံနိုင်ပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။
အခု ဆွေးနွေးနေတဲ့ နားလည်မှုစာချွန်လွှာထဲမှာ ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့၊ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်အပေါ် ဆက်လက်ဆွေးနွေးသွားမယ့် အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
Ref – BBC