
“မိုးကတော့ အဲဒီအချိန် အရမ်းရွာတယ်။ ဒီဘက်မှာက နှစ်တိုင်း မိုးကြိုးပစ်တာတွေ ကြုံနေရတာ။ မိုးရွာပြီဆိုရင် အပြင်မထွက်ဘဲသတိထားနေကြရတယ်”
၂၃၊ မေ။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ပြာကတက်ကျေးရွာအုပ်စု၊ မိုးကုတ်ကျေးရွာမှာ မနေ့က မွန်းလွဲ ၂ နာရီက လူလတ်ပိုင်းအမျိုးသားတဦး မိုးကြိုးထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။
“ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန် မိုးကြိုးပစ်ချလိုက်တာ။ သေဆုံးသူက လူလတ်ပိုင်းပါ။ မနက်ဖြန် နာရေးချဖို့ စီစဉ်ထားပါတယ်”လို့ ပြာကတက်ကျေးရွာသား ကိုသက်က ပြောပါတယ်။
မနေ့က မွန်းလွဲပိုင်းမှာ မိုးကုတ်ကျေးရွာတင်မကဘဲ အနီးဝန်းကျင်က တခြားရွာတွေမှာလည်း မိုးကြိုးပစ်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါသေးတယ်။ ဟင်္သာတမြို့နယ်အတွင်းမှာ နှစ်စဉ်နှစ်တိုင်း မိုးကြိုကာလနဲ့ မိုးဦးကာလတွေမှာ မိုးကြိုးပစ်တဲ့ အန္တရာယ်ကို အမြဲလိုလိုကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မိုးကတော့ အဲဒီအချိန် အရမ်းရွာတယ်။ ဒီဘက်မှာက နှစ်တိုင်း မိုးကြိုးပစ်တာတွေ ကြုံနေရတာ။ မိုးရွာပြီဆိုရင် အပြင်မထွက်ဘဲသတိထားနေကြရတယ်”လို့ ကိုသက်က ဆက်ပြောပါတယ်။
မိုးဇလရဲ့ မေလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင်များဖြစ်ထွန်းနေရှိပြီး အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာ တလျှောက် မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေတာတွေ စတဲ့ မိုးလေဝသ ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။