ဟိုင်းကြီးကျွန်းက ငါးဖမ်းလုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်ပြီလား

သင်္ဘောတွေ အကုန်လုံးကိုလည်း နားလိုက်ရတော့ အလုပ်သမားတွေအကုန်လုံး အလုပ်လက်မဲ့တွေ ဖြစ်ကုန်တာပေါ့။

 

၂၃၊ မေ။ 

 

ပြည်တွင်းမှာ လောင်စာဆီ ပြတ်တောက်မှုဒဏ်ကြောင့် ပြီးခဲ့တဲ့လတွေမှာ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရတဲ့ ဟိုင်းကြီးကျွန်းက ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေဟာ မေလအတွင်းမှာတော့ စက်သုံးဆီဈေး ပြန်လည် ကျဆင်းလာတဲ့အတွက် လုပ်ငန်းတချို့ ပြန်လည်ပတ်နိုင်စ ပြုလာပါပြီ။

 

ဒါပေမဲ့လည်း ဆီဈေးကျသွားရုံ တခုတည်းနဲ့တော့ ဒေသခံတွေရဲ့ ဘဝ အဆင်ပြေ သွားမှာမဟုတ်သေးပဲ မိုးဦးကျရာသီဥတု အခြေအနေ၊ ငါးဈေးကွက် အခြေအနေနဲ့ အထွေထွေကုန်ဈေးနှုန်း အကျပ်အတည်းတွေကြောင့် ငါးဖမ်းလုပ်ငန်းရှင်တွေနဲ့ ရေလုပ်သားတွေ အတွက်ကတော့ ဆက်လက် ရုန်ကန်နေကြရဦးမှာ ဖြစ်ပါတယ်။

 

“ရတဲ့ပိုက်ဆံနဲ့ ကုန်တဲ့ပိုက်ဆံက အတူတူနီးပါးဖြစ်နေတော့ သိပ်အဆင်မပြေဘူး။ အရင်နှစ်တွေနဲ့ယှဉ်ရင် ဒီနှစ်က ပိုခက်ခဲပါတယ်”လို့ ကမ်းဝေးငါးဖမ်းလှေ လေး စင်းပိုင်ရှင် ကိုဇော်မျိုးသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ တလကျော်က စက်သုံးဆီတပီပါကို သိန်း ၃၀ အထိ ဈေးတက်သွားသလို လိုအပ်သလိုလည်း ဝယ်လို့မရတဲ့အတွက် ငါးဖမ်းစက်လှေတွေ ရနားထားခဲ့ရတာပါ။အခုတော့ ဆီဈေးက တပီပါကို ၁၀ သိန်း ဝန်းကျင် ပြန်ကျသွားတဲ့အတွက် ငါဖမ်းလုပ်ငန်းတွေ ပြန်စတင်နိုင်တာလို့ ကိုဇော်မျိုးသိန်းက ပြောပါတယ်။

ဒါပေမယ့် ဒီကာလ မိုးဦးရာသီဖြစ်တာကြောင့် ငါးအမိနည်းတာ ၊ မိုးလေမငြိမ်လို့ နီးရာကမ်း ဝင်ပြန်ခိုရတာတွေကြောင့် ကုန်ကျစားရိတ်များပြီး လုပ်ငန်းတွက်ခြေမကိုက်ပဲ လုပ်ငန်းလည်ပတ်ရုံသာ ကြိုးစားနေရတယ်လို့လည်း သူက ပြောပါတယ်။

လုပ်သား နှစ်ဆယ့်ငါးယောက်ပါတဲ့ လှေတစင်းနဲ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ တလကို သိန်းရာချီ အရင်းအနှီးထဲ့ဝင်ရပြီး အရင်းအနှီးကြီးတဲ့အတွက် လှေထွက်တာနဲ့ လုပ်ငန်းအရှုံးမပေါ်ဖို့ ဖိဆီးမှုတွေ ရှိနေတာပါ။ 

“လှေတစင်းမှာက ပိုက်ခေါင်းဆောင်အပါ ၂၅ ယောက်ရှိတယ်။ ခေါင်းဆောင်မပါဘဲ ငယ်သားတယောက်ကို လုပ်အားခက တလ သုံးသိန်းကျပ်ရှိတယ်။ သင်္ဘောတခေါက်ထွက်မယ်ဆိုရင် ဒီလူတွေရဲ့ လစာပါ အကုန်လုံးပေါင်းလိုက်ရင် တလကို သိန်း ၂၀၀ ကျော်လောက် စရိတ်ရှိတယ်။ ကျွန်တော့်မှာ လေးစင်းရှိတော့ တခါထွက်ရင် သိန်းတထောင်ဝန်းကျင်လောက်ကုန်တယ်။ ဆီတွေပြတ်တုန်းက တော်တော်ကို တိုင်ပတ်သွားတယ်။ သင်္ဘောတွေ အကုန်လုံးကိုလည်း နားလိုက်ရတော့ အလုပ်သမားတွေအကုန်လုံး အလုပ်လက်မဲ့တွေ ဖြစ်ကုန်တာပေါ့။ သူတို့လည်း ဒုက္ခရောက် ကိုယ်တွေလည်း ခက်ခဲကုန်တယ်”လို့ ကိုဇော်မျိုးသိန်းက ဆက်ပြောပါတယ်။ 

ကမ်းနီးရော ကမ်းဝေးပါ လုပ်ကိုင်တဲ့ လှေပိုင်ရှင် ကိုမျိုးဦးကတော့ ကုန်ကျစရိတ်ကြီးပြီး စွန့်စားရလွန်းတဲ့ ကမ်းဝေးလှေတွေကို လက်ရှိမှာ ရပ်နားထားလိုက်ပြီး သုံးရက်တကြိမ်ပဲ ကမ်းပြန်ကပ်တဲ့ ကမ်းနီးလှေလေးတွေကိုသာ ဆီချွေတာပြီး ထွက်ခိုင်းနေရတယ်လို့ ပြောပါတယ်။

“ကမ်းဝေးလှေစရိတ်က ကြီးတယ်၊ ဆီဝယ်ရတာကလည်း လိုသလောက်မရသေးဘူး။ ပြီးတော့ ငါးကလည်း မရဘူး။ ပင်လယ်ထဲမှာက ဆီလုံလုံလောက်လောက်ရှိမှ အရေးအကြောင်းဆိုရင် ကိုယ်ကြိုက်တဲ့ နေရာကို ကြိုက်တဲ့အချိန် ထမောင်းသွားလို့ရမှာ။ ဆီမရှိရင် ဘာမှမလုပ်ရဘူး။ ရာသီဥတုကလည်း မကောင်းသေးတော့ ထွက်လည်း အကြောင်းမထူးဘူး”လို့ ကိုမျိုးဦးက ပြောပါတယ်။

ကုန်စျေးနှုန်းက တက်နေသလောက် ငါးစျေးကမရတော့ အမြတ်ကျန်ဖို့ဆိုတာ တော်တော်ကို မလွယ်ဘဲဖြစ်နေလို့ မိရိုးဖလာလုပ်လာတဲ့အလုပ်မို့လို့သာ ဇွတ်မှိတ်ပြီး ဆက်လုပ်နေရတာကြောင့် အခုအချိန်ဟာ ရေလုပ်ငန်းရှင်တွေ စိတ်အညစ်ရဆုံးအချိန်ပဲလို့လည်း သူကငြီးတွားပါတယ်။