ပုသိမ်မှာ ကျူရှင်ခတွေ စျေးအလွန်ကြီးနေ

“အခုခေတ်မှာက ကျူရှင်မတက်ရင် အဆင်မပြေတော့ဘူး။ ကျောင်းကြီး(အစိုးရကျောင်း)မှာ သေချာမသင်ကြ တော့ဘူး။ ပညာရေးဟာ စီးပွားရေးလိုဖြစ်ပြီး ခေတ်ပျက်ဖြစ်နေပြီ။ ဒါက နေရာတိုင်းမှာပါ”

၁၃၊ မေ။

ဧရာ၀တီတိုင်းမြို့တော် ပုသိမ်မှာ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားတဦးရဲ့ တလစာ ကျူရှင်ခဟာ ကျပ်ခုနစ်သိန်းဝန်းကျင်ထိ စျေးရှိနေတာကြောင့် မိဘတွေမှာ အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။

ပြင်ပကျူရှင်ဝိုင်းတွေမှာ အထက်တန်းအဆင့် ၁၀ တန်း၊ ၁၁ တန်း၊ ၁၂ တန်း တဘာသာကို ကျပ်တသိန်းကနေ တ သိန်းခွဲထိ စျေးရှိနေတာဖြစ်ပြီး ခြောက်ဘာသာအတွက် ကျပ်ငါးသိန်းကနေ ခုနှစ်သိန်းခွဲလောက်ထိ ကုန်ကျနေ တာပါ။

“ကျူရှင်ဝိုင်းတွေမှာ စျေးကြီးတာပါ။ တဘာသာကို တသိန်းခွဲလောက်ထိ တောင်းကြတယ်။ နယ်ကလာတဲ့ သူတွေမှာ မလွယ်ဘူး။ နေစရိတ်၊ စားစရိတ်၊ စာအုပ်ခလည်း ရှိသေးတယ်။ ကျူရှင်ခ တခုတည်းက ငါးသိန်း၊ ခြောက်သိန်း ဆိုရင် မလွယ်တော့ဘူးလေ” လို့ ပုသိမ်မြို့မှာ နေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသမီး ဒေါ်ညို (အမည်လွှဲ)က ပြောပါ တယ်။

ဒေါ်ညိုမှာ ၁၁ တန်း(Grade – 11) ကျောင်းသူ၊ သမီးတဦးရှိပြီး တလအတွက် ကျူရှင်ခ ငါးသိန်းဝန်းကျင် ကုန်ကျနေတယ်လို့ ဆိုပါတယ်။ “နိုင်ငံခြားမှာ အစ်ကိုတယောက်ရှိတယ်။ သူ့ဆီကထည့်ပေးတဲ့ ပိုက်ဆံအကုန် ကုန်တာပဲ။ မလောက်ဘူး” လို့ သူမက ပြောပါတယ်။

အဲဒီလို ကျူရှင်ခစျေးကြီးတွေ ကျောင်းတွေဟာ ပြင်ပဘော်ဒါတွေနဲ့ အစိုးရအထက်တန်းကျောင်းတွေမှာ တာဝန် ကျနေတဲ့ ဆရာ၊ ဆရာမတွေ ဖွင့်ထားတဲ့ ကျူရှင်ဝိုင်းတွေဖြစ်ပြီး အစိုးရအသိအမှတ်ပြု သင်ကြာရေးလက်မှတ်၊ ဘွဲ့မရထားတဲ့ ပြင်ပဆရာတွေ သင်တဲ့ဝိုင်းတွေမှာတော့ စျေးအနည်းငယ်သက်သာတယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။

“အဲဒီဝိုင်းတွေကျတော့လည်း သာမန်အဝေးသင်ဘွဲ့ရတဲ့ သူတွေသင်တာကျတော့ လူတွေ သိပ်မထားချင်ကြဘူး” လို့ ပုသိမ်မြို့မှ ပညာရေးဝန်ထမ်း၊ အလယ်တန်းပြင်ကျောင်းဆရာတဦးက ပြောပါတယ်။

အခုလို ကျူရှင်ခတွေ စျေးအလွန်ကြီးနေတာကြောင့် ကျောင်းသားမိဘတွေမှာ သူတို့ရဲ့ သားသမီးတွေကို ကျောင်းထုတ်လိုက်ရတာတွေလည်း ရှိနေပါတယ်။

“ရှိတယ်၊ အဲလို ကျောင်းထုတ်လိုက်တဲ့ကလေးတွေ၊ ကျွန်တော်ကျနေတဲ့ ကျောင်းမှာဆိုရင် အလယ်တန်းတောင် ပြီးအောင် မတက်ကြဘူး တချို့ကလေးတွေ။ ဒီတနှစ်၊ နှစ်နှစ်မှာ ကျောင်းထွက်တာ ပိုများတယ်ထင်တယ်” လို့ ပုသိမ်မြို့ပေါ်ကျောင်းတခုမှာ တာဝန်ကျနေတဲ့ အဆိုပါအလယ်တန်းပြဆရာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် အခမဲ့ပညာရေးလို့ ဆိုပေမယ့် ကျူရှင်ဝိုင်းတွေဟာ တွင်တွင်ကျယ်ကျယ်ရှိနေပြီး ကျောင်းသူ၊ ကျောင်းသားတဦးအတွက် စာသင်စရိတ်ဟာ တနှစ်ထက်တနှစ် ပိုများလာနေတယ်လို့ ကျောင်း သားမိဘတွေက ပြောကြပါတယ်။

“အခုခေတ်မှာက ကျူရှင်မတက်ရင် အဆင်မပြေတော့ဘူး။ ကျောင်းကြီး(အစိုးရကျောင်း)မှာ သေချာမသင်ကြ တော့ဘူး။ ပညာရေးဟာ စီးပွားရေးလိုဖြစ်ပြီး ခေတ်ပျက်ဖြစ်နေပြီ။ ဒါက နေရာတိုင်းမှာပါ” လို့ ရခိုင်ပြည်နယ်မှ အသက် ခုနစ်ဆယ်ကျော်အရွယ် မြို့နယ်ပညာရေးမှူးအငြိမ်းစားတဦးက ပြောပါတယ်။