
ရှီကျင့်ဖျင်နဲ့ ထိပ်သီးအစည်းအဝေးအပြီး ဂျာနယ်လစ်တွေကို ပြောကြားတဲ့ မှတ်ချက်တွေမှာ ထရမ့်က “ကျွန်တော် ထိုင်ဝမ်ကိုဦးဆောင်နေတဲ့လူနဲ့ စကားပြောရဦးမယ်” လို့ ပြောခဲ့ပါတယ်။
၁၆၊ မေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောင်လာမယ့် လက်နက်ရောင်းချမှုတွေအပေါ် မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့ပြီးတဲ့နောက် ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချပေးတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အမြဲတမ်းအုတ်မြစ်တခုဖြစ်ခဲ့သလို အမေရိကန်ဥပဒေမှာလည်း အတည်ပြုပြဋ္ဌာန်းထားတဲ့အရာ ဖြစ်တယ်လို့ ထိုင်ဝမ်ရဲ့ ဝါရင့်သံတမန်တဦးက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့လည်း တရုတ်က သူ့ ပိုင်နက်နယ်မြေအဖြစ် ကြေညာထားတဲ့ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ ထိုင်ဝမ်အတွက် အမေရိကန်ဟာ အရေးအပါဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံပြုသူ ဖြစ်ပါတယ်။
ဝါရှင်တန်အနေနဲ့ ထိုင်ဝမ်ကျွန်းကို လက်နက်တွေ ထောက်ပံ့ပေးဖို့ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရ တာဝန်ရှိနေပါတယ်။
ဒါပေမဲ့ ဘေကျင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ပြီးတဲ့နောက် သောကြာနေ့မှာတော့ အဓိကလက်နက်ရောင်းချမှုအစီအစဉ်ကို ဆက်လက်လုပ်ဆောင်မလား ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ထရမ့်က ပြောကြားခဲ့တာကြောင့် ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ပတ်သက်ပြီး မရေမရာဖြစ်မှုတွေ တိုးပွားလာစေခဲ့ပါတယ်။
စနေနေ့က တိုင်ပေမှာ သတင်းထောက်တွေကို ပြောကြားရာမှာတော့ ထိုင်ဝမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချန်မင်းချီက အမေရိကန်ရဲ့ လက်နက်ရောင်းချမှုဟာ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအောက်မှာ အတည်ပြုထားပြီးသား ကိစ္စတခုဖြစ်တယ်လို့ ဆိုပါတယ်။
“ထိုင်ဝမ်-အမေရိကန် လက်နက်ရောင်းချမှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အမြဲတမ်း အုတ်မြစ်တခု ဖြစ်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ထရမ့်အစိုးရအဖွဲ့ဟာ ထိုင်ဝမ်အတွက် စံချိန်တင် ဒေါ်လာ ၁၁ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်ရောင်းချမှု အစီအစဉ်ကို အတည်ပြုပေးခဲ့ပါတယ်။ ဒေါ်လာ ၁၄ ဘီလီယံလောက် တန်ဖိုးရှိမယ့် ဒုတိယမြောက် လက်နက်ရောင်းချမှုအစီအစဉ်တခုကတော့ ထရမ့်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတုန်းပဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ဒုတိယအစီအစဉ်ဟာ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးတာကြောင့် ချန်က မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး ထိုင်ဝမ်အနေနဲ့ အမေရိကန်ဘက်နဲ့ ဆက်လက် ဆက်သွယ်သွားမှာဖြစ်သလို အခြေအနေကိုလည်း နားလည်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ရှီကျင့်ဖျင်နဲ့ ထိပ်သီးအစည်းအဝေးအပြီး ဂျာနယ်လစ်တွေကို ပြောကြားတဲ့ မှတ်ချက်တွေမှာ ထရမ့်က “ကျွန်တော် ထိုင်ဝမ်ကိုဦးဆောင်နေတဲ့လူနဲ့ စကားပြောရဦးမယ်” လို့ ပြောဆိုခဲ့တာကြောင့် အဆိုပြုထားတဲ့ လက်နက်ရောင်းချမှုနဲ့ ပတ်သက်ပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်နဲ့ စကားပြောဆိုသွားမယ့် သဘောမျိုး သက်ရောက်နေပါတယ်။
ဒီလိုဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ ထိုင်ဝမ်အနေနဲ့ ထရမ့်ရဲ့ ပြောကြားချက်တွေထဲက စစ်မှန်တဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ကြိုးစားဖို့ လိုအပ်နေသေးတယ်လို့ ချန်က ပြောပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို သူတို့ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိစေဖို့အတွက် အင်အားသုံးမယ့်အရေးကို ဘယ်တုန်းကမှ စွန့်လွှတ်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် သူတို့က ခွဲထွက်ရေးသမားလို့ သတ်မှတ်ထားတဲ့ လိုင်ချင်းတယ်ရဲ့ အကြိမ်ကြိမ် ဆွေးနွေးဖို့ ကမ်းလှမ်းချက်တွေကိုလည်း ပယ်ချခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ တရားဝင်အမည်ဖြစ်တဲ့ တရုတ်သမ္မတနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်တဲ့ လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်လို့ ချန်က ပြောပါတယ်။ “ပြီးတော့ ထိုင်ဝမ်မှာရှိတဲ့ ပြည်သူ ၂၃ သန်းကပဲ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ဒီမိုကရေစီနည်းလမ်းတွေကတဆင့်ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်” လို့လည်း ဆိုသွားပါတယ်။
Ref – Reuters