နာကျင်ရတဲ့ နေ့ရက်များ

၁၅၊မေ။

ဒီနေ့ မေလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ မိသားစုဝင်များနေ့” ဟာ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ မိသားစုဝင်တွေအဖို့ ပျော်ရွှင်စရာ အထိမ်းအမှတ်နေ့တခု ဖြစ်ပေမယ့် မြန်မာပြည်သူတွေအတွက်တော့ ဝမ်းနည်း ၊ နာကျင်ဖွယ်ရာ အတိပြီးနေပါတယ်။

အခုနှစ် မိသားစုဝင်များနေ့အတွက် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဆောင်ပုဒ်မှာ “မိသားစုများ၊ မညီမျှမှုများနှင့် ကလေးသူငယ်များ၏ သာယာဝပြောရေး” ပဲ ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ မိသားစုဝင်တွေအတွင်း မညီမျှမှုတွေကို လျှော့ချဖို့၊ ကလေးသူငယ်တွေအတွက် အနာဂတ်ကောင်း တွေ ဖန်တီးပေးဖို့ ဆွေးနွေးနေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာပြည်သူတွေအဖို့တော့ မိသားစုဆိုတာဟာ ဆုံဆည်းရာ မဟုတ်တော့ဘဲ လွမ်းဆွတ်စရာ၊ ကြေကွဲ၊ နာကျင်ဖွယ်ရာ ဖြစ်နေခဲ့တာ ငါးနှစ်ကျော်၊ ခြောက်နှစ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးမုန်တိုင်း ရိုက်ခတ်မှုတွေကြောင့် မြန်မာ့လူ့အဖွဲ့အစည်းမှ မိသားစုဝင် တွေဟာ ဖန်ကွဲစတွေအလား တကွဲတပြား ဖြစ်ခဲ့ရတာပါ။

အဲဒီအကွဲအပြဲတွေရဲ့ ပြယုဂ်ကို ကြည့်မယ်ဆိုရင် ရွေးကောက်ခံအနိုင်ရပါတီ(NLD)ရဲ့ ဦးဆောင်သူ၊ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့သားငယ်ဖြစ်သူ ကင်အဲရစ်(ကိုထိန်လင်း)တို့ရဲ့ အခြေအနေကို အထင်အ ရှား မြင်နိုင်ပါတယ်။

မိခင်ဖြစ်သူမှာ အကျဉ်းထောင်နံရံများနောက် သတင်းအစအန ပျောက်နေပြီး၊ သားဖြစ်သူမှာလည်း မိခင်နဲ့ တွေ့ဆုံခွင့်ရဖို့ အဝေးတနေရာမှ အကြိမ်ကြိမ် ကြိုးပမ်းနေရပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်တပ်လက်အောက်မှာ ရှိနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ထိ တကြိမ်တခါမျှ တွေ့ခွင့်မရသေးပါဘူး။

ဒီမိုကရေစီအတွက် မိသားစုနဲ့ ခွဲခွာ၊ တိုက်ပွဲဝင်နေသူ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရပြီးမှ အသက်အရွယ်ကြီးရင့်ချိန်မှာပင် တဦးနဲ့တဦး ပြုစုစောင့်ရှောက်၊ တွေ့ဆုံခွင့် မရကြတဲ့ သူတို့ သားမိနှစ်ဦးရဲ့ အခြေအနေမှာ မြန်မာနိုင်ငံသား မိသားစုပေါင်းများစွာရဲ့ နာကျင်မှုကို ကိုယ်စားပြုနေပါတယ်။

ကိုထိန်လင်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၁၆ ခုနှစ်မှာ မိခင်ဖြစ်သူနဲ့ နောက်ဆုံးတွေ့ခဲ့ရတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် နှစ်ပေါင်းဆယ်ချီ ချမှတ်ကာ အကျဉ်း ထောင်ပို့ထားခဲ့ပြီးနောက် သားဖြစ်သူအပါအဝင် ရှေ့နေအဖွဲ့နဲ့ပါ တွေ့ခွင့်မပေးတော့တာဖြစ်ပါတယ်။

အခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့သတ်မှတ်ထားတဲ့ နေအိမ်တခုဆီ ပြောင်းကာ နေအိမ်အကျယ်ချုပ်ချမှတ် လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် ဘယ်နေရာက ဘယ်အိမ်မှာ ထားတယ်ဆိုတာ ထုတ်မပြောပါဘူး။

🔹 အဝေးရောက်သားရဲ့ တောင်းဆိုသံနဲ့ အမှောင်ချထားတဲ့ စစ်အာဏာရှင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက မိခင်နဲ့ တွေ့ဆုံခွင့်ရဖို့အ ကြိမ်ကြိမ် ကြိုးပမ်းနေခဲ့တာပါ။
သူဟာ မိခင်နဲ့ တွေ့ခွင့်ရဖို့ ဗြိတိန်နိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးမှတဆင့် ဗီဇာလျှောက်တာ၊ နိုင်ငံတကာကြက်ခြေနီအ သင်းတို့ထံ စာတင်တာ ၊ စစ်ကောင်စီထံ တိုက်ရိုက်စာရေးသားအကြောင်းကြားတာတို့ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေ မယ့် စစ်ကောင်စီဘက်က ဒီနေ့တိုင် ခွင့်ပြုချက်တစုံတရာ မပေးပါဘူး။

ကိုထိန်လင်းဟာ သူ့အမေ ဖမ်းဆီးခံရပြီးကတည်းက မိခင်နဲ့ ဆက်သွယ်မှုလုံး၀မရှိခဲ့ဘဲ (လွန်ခဲ့တဲ့ သုံးနှစ်က) မိခင် ဆီက ပေးတဲ့စာတစောင်ကိုသာ ရခဲ့ပါတယ်။ အဲဒီစာဟာလည်း ဆင်ဆာဖြတ်ထားပြီးသားဖြစ်ကာ နေပြည်တော် အ ကျဉ်းထောင်မှာ ဆောင်းရာသီ အအေးဒဏ်နဲ့ နွေရာသီ အပူဒဏ်ခံစားရကြောင်း စတဲ့ ရာသီဥတုအခြေအနေတွေ သာ ပါတော့တယ်လို့ ကိုထိန်းလင်းက ပြောပါတယ်။

အသက် ၈၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအပေါ် တကယ်ပဲ စိုးရိမ်မိကြောင်း မကြာခဏ ထုတ်ပြောနေတဲ့ ကိုထိန်လင်းက “အမေ့ကို နောက်တစ်ကြိမ် ပြန်တွေ့ချင်ရုံသက်သက်ပါ” လို့ မေလ ၃ ရက်နေ့က ဖော်ပြထားတဲ့ အမေရိကန် NPR သတင်းဌာန၊ သတင်းမှာ ကိုထိန်လင်းက ပြောထားပါတယ်။

ဒါပေမယ့် အာဏာရှင်စစ်ကောင်စီကတော့ သားတယောက်ရဲ့ ရိုးရှင်းတဲ့ မိခင်နဲ့ တွေ့ခွင့်ရရေး တောင်းဆိုချက်ကို ပင် ခွင့်မပြုဘဲ နိုင်ငံရေးအရ ဓားစာခံပြုလုပ်ကာ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
အပြင်လောကနဲ့ လုံးဝအဆက်အသွယ်ဖြတ်တောက်ခံထားရပြီး ရှေ့နေတွေနဲ့တောင် တွေ့ခွင့်မရတော့တဲ့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နေ့ရက်တွေဟာ တိတ်ဆိတ်၊ အထီးကျန်လွန်းလှပါတယ်။ မိသားစုနဲ့ ဝေးကွာနေရတဲ့ အဲဒီ အထီးကျန်မှုဟာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် ပိုမိုခါးသီးနိုင်ပေမယ့်လည်း သူမရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ထိုဒဏ် ကို ကြံ့ကြံ့ခံနေရရှာပါတယ်။

🔹 နွေဦးတော်လှန်ရေးနဲ့ ဆုံခွင့်မရ၊ မဆုံနိုင်ကြတော့တဲ့ မိသားစုတွေ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုနည်းတူ စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် မြန်မာနိုင်ငံတဝှမ်းလုံး မှာ မိသားစုဝင်ပေါင်းများစွာဟာ သူတို့အိမ်၊ မိသားစုစုံညီထမင်းဝိုင်းတွေနဲ့ အလှမ်းဝေး၊ ကွဲကွာနေကြရပါတယ်။

စစ်ဘေးရှောင်စခန်းတွေထဲ မိဘမဲ့ဖြစ်သွားရတဲ့ ကလေးငယ်တွေ၊ အကျဉ်းထောင်အသီးသီးမှာ အဖမ်းခံထားရတဲ့ မိသားစုဝင်တွေ၊ တောတောင်ထဲ တော်လှန်ရေးတာဝန် ထမ်းဆောင်နေရတဲ့အတွက် အိမ်ပြန်လမ်း ဝေးနေတဲ့ လူ ငယ်တွေ၊ စီးပွားရေး အကြပ်အတည်းကြောင့် ပြည်ပ ထွက်ခွာသွားရတဲ့ အလုပ်သမားတွေ… စသဖြင့်၊ များစွာပါပဲ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မိသားစုတွေဟာ ကမ္ဘာကြီးက ပြောနေတဲ့ “မညီမျှမှုလျှော့ချရေး” ဆိုတဲ့ စကားလုံးထက် “ရှင်ကွဲကွဲနေရခြင်း” ဆိုတဲ့ ဒဏ်ရာ၊ “သေကွဲကွဲရခြင်း” ဆိုတဲ့ ဝေဒနာတွေကိုသာ ပိုပြီးတော့ ရင်းနှီး နေကြရပါတယ်။

🔹 မိသားစုနဲ့အဝေး သံတခါးနောက်

အကျဉ်းထောင်တွေထဲ စစ်အာရှင်တွေနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရသူတွေ၊ စစ်တပ်ရဲ့ ဖြိုခွင်းပစ်ခတ်မှုကြောင့် လမ်းမတွေပေါ် ကြွေလွင့်ခဲ့ရသူတွေ၊ ယုံကြည်ရာ အာဏာရှင်တော်လှန် ရေးအတွက် တောင်တောတွေထဲ မိသားစုထမင်းဝိုင်းနဲ့ အဝေးဆုံးဆီ၊ မိသားစုဆီပြန်မလာနိုင်တော့တဲ့ အဝေးဆုံး ခရီးဆီ ထွက်ခွာကာ မိသားစုကို ခွဲထားခဲ့ကြပါတယ်။

“အမေချက်တဲ့ ဟင်းလေး စားချင်တယ်” ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖုန်းထဲက စကားသံလေးမှာပဲ လွမ်းရိပ်တွေ ပြည့်နှက်နေပါတယ်။
ကရင်နီပြည်နယ်အတွင်း အာဏာရှင်ကို တွန်းလှန် တိုက်ပွဲဝင်နေတဲ့ ရန်ကုန်မြို့မှ ကိုသားသား(အမည်လွှဲ)က တော့ တော်လှန်ရေးပြီးဆုံး အောင်မြင်တဲ့တနေ့ကျရင် မိသားစုတွေအတူ ထမင်းဝိုင်းလက်ဆုံး စားဖို့ အားတင်းထားတယ် လို့ ပြောပါတယ်။

အမေနဲ့ အစ်မကို အရမ်းလွမ်းတယ်။ တယောက်တည်းငိုရတဲ့ ရက်တွေလည်း ရှိတယ်” လို့ သူက ဆိုပါတယ်။

လမ်းမတွေပေါ်မှာ စစ်အာဏာရှင်ကို ဆန္ဒထုတ်ဖော်တိုက်ပွဲဝင်ရင်း ကြွေလွင့်သွားခဲ့ရတဲ့ အာဇာနည်တွေ၊ တော တောင်တွေထဲ သေနတ်စွဲကိုင် အာဏာရှင်တွန်းလှန်တိုက်ပွဲတွေကြား အသက်ပါသွားခဲ့ရတဲ့ ရဲဘော်တွေကြောင့် အချို့အိမ်တွေမှာ ထမင်းဝိုင်းလေးတွေ ဟောင်းလောင်း ဖြစ်သွားခဲ့ရပြီ။

မိသားစုဝင်တဦးဦး မရှိတော့ဘူးဆိုတဲ့ အသိစိတ်ကိန်းအောင်းနေတဲ့ အဲဒီအိမ်လေးတွေက ကျန်နေခဲ့သူ မိသားစုဝင်တွေအဖို့ “မိသားစုဝင်များနေ့” ဆိုတာ ရင်နာစရာ သတိရခြင်းနေ့စွဲတခုသာ ဖြစ်ပါတော့တယ်။

ရခိုင်ပြည်တွင်းတိုက်ပွဲတွေကြောင့် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင် အမျိုးသားဖြစ်သူ ကျဆုံးသွားခဲ့ပြီး သမီးလေး နဲ့ နှစ်ယောက်ကျန်နေခဲ့တဲ့ မစိုး(အမည်လွှဲ)ကတော့ နေ့ရက်တိုင်းဟာ လွမ်းစရာတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။

“မိသားစုနေ့ပေမယ့် မိသားစုမှ မစုံတော့တာ။ မောင် မရှိတော့တဲ့နောက်ပိုင်း အရာရာဟာ ပျော်စရာမကောင်းတော့ ဘူး။ အခု သမီးလေးကြီးလာပြီ၊ စကားတွေ တအားတတ်နေပြီ။ သူ့အဖေမမြင်သွားရဘူး။ နောက်ဘ၀ကျရင်တော့ မိသားစုတွေအတူ သေတပန်သက်တဆုံးနေခွင့်ရတယ်” လို့ မစိုးက ပြောပါတယ်။

အလားတူပဲ တိုက်ပွဲတွေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရန်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတဲ့ မိသားစု ပြည်သူ တွေဟာလည်း အိမ်နဲ့ဝေးနေကြရသလို တချို့ကတော့ မိသားစုတွေ မစုံကြတော့ပါဘူ။ တိုက်ပွဲရှောင်ရင်း စစ်တပ် ကပစ်ခတ်တဲ့ လေကြောင်း၊ လက်နက်ကြီးတွေကြောင့် မိသားစုဝင်တွေ အဝေးဆီ ထွက်သွားခဲ့ကြရတဲ့ ကလေး၊ အမျိုးသမီးတွေ မနည်းတော့ပါဘူး။

အဲဒီလိုအခြေအနေမှာ ကလေးသူငယ်တွေရဲ့ သာယာဝပြောရေး (Child Wellbeing) ဆိုတဲ့ ကုလသမဂ္ဂရဲ့ မိသားစု ဝင်များနေ့ ဆောင်ပုဒ်ဟာ မြန်မာပြည်က ကလေးများအတွက်တော့ အိပ်မက်တစ်ခုလိုပဲဖြစ်နေပါတယ်။

စာသင်ခန်းထဲမှာ ရှိနေရမယ့်အစား ဗုံးခိုကျင်းထဲ ရောက်နေရတာ၊ အာဟာရပြည့်ဝတဲ့ အစားအစာအစား စစ်ဘေး ရှောင်စခန်းက မလောက်ငှတဲ့ ရိက္ခာကို အသား၊ ငါး မပါဘဲ မျှတစားနေရတာတို့ဟာ ခါးသီးတဲ့ အမှန်တရားတွေဖြစ်ပါတယ်။

လူစုံတက်စုံ မိသားစု ထမင်းဝိုင်းတွေ ပြန်လိုချင်
စာရေးဆရာ မောင်သာချိုက အိမ်ကလေးတွေကို ပျော်စရာကောင်းအောင် လုပ်တဲ့အထဲမှာ မိသားစုထမင်းဝိုင်းတွေ လည်းပါပြီး မိသားစုစုံစုံညီညီပဲ စားချင်မိတယ်လို့ နှီးဒေါင်းလန်းတွေနဲ့ အိမ်ကလေးဆိုတဲ့ သူရဲ့ လုံးချင်းစာအုပ်မှာ ရေးသားဖူးပါတယ်။

“ဖေဖေကတော့ ထမင်းဝိုင်းဆိုရင် မိသားစုစုံစုံညီညီပဲ စားချင်မိတယ် သားရဲ့၊ ပေါ့တယ်၊ ငံတယ်၊ ချဉ်တယ်၊ စပ် တယ်၊ တယောက်တပေါက် ဝေဖန်ရင်း ထမင်းထပ်ခူးလိုက်ကြ၊ ဟင်းချိုခပ်လိုက်ကြ၊ လက်ချင်းဆုံလိုက်ကြ၊ နီးကပ်စုစည်းတဲ့အရသာ၊ အသိုက်အမြုံအရသာ၊ ဒိုးတူပေါင်ဖက်အရသာ အဲဒါတွေကို ဖေဖေမြတ်နိုးတယ်။ အိမ်ကလေးတွေကို ပျော်စရာကောင်းအောင် လုပ်တဲ့အထဲမှာ မိသားစုထမင်းဝိုင်းတွေလည်း ပါတယ်သားရဲ့”

မောင်သာချို

အဲဒီလိုပဲ ကိုထိန်းလင်းအပါအဝင် စစ်တပ်အာဏာသိမ်းမှုကြောင့် မိသားစုနဲ့ ဝေးကွာနေရတဲ့သူတွေ အားလုံးဟာလည်း စုံစုံညီညီစားခဲ့ကြရတဲ့ မိသားစုထမင်းဝိုင်းတွေကို လွမ်းနေမိကြမှာ အသေအချာပါပဲ။

စစ်အုပ်စုက အကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်းကတော့ သူ့အဖေ သေဆုံးစဉ်တုန်းက လည်း သူ့အမေနဲ့ မတွေ့ခဲ့ရတာကြောင့် အခုတကြိမ် သူ့အမေကို တွေ့ခွင့်ရချင်တယ်လို့ ဆိုပါတယ်။

“ကျွန်တော့်ဖခင်ဟာ အဲဒီအချိန်က ကျွန်တော့်မိခင် အကျဉ်းကျနေတာကြောင့် သူမကို နောက်ထပ်ပြန်မတွေ့ရဘဲ ကွယ်လွန်သွားခဲ့ရပါတယ်။ ကျွန်တော်ကတော့ သူမကို နောက်တကြိမ် ပြန်တွေ့ခွင့်ရဖို့နဲ့ သူမ ကျန်းမာရေး ကောင်း မွန်ကြောင်း သိခွင့်ရဖို့ပဲ ရိုးရိုးရှင်းရှင်း လိုချင်တာပါ” လို့ ကိုထိန်လင်းက ပြောပါတယ်။

ကိုထိန်လင်းရဲ့ ဖခင် မိုက်ကယ်အဲရစ်ဟာ ၁၉၉၉ ခု၊ လန်ဒန်မြို့မှာ ဆီးကျိတ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာပါ။ အဲဒီတုန်းကလည်း မြန်မာစစ်တပ်ဟာ မိုက်ကယ်အဲရစ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံဖို့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ ပြည်ပသို့ထွက်ခွာသွားရင် စစ်အစိုးရက ပြန်လည်ဝင်ရောက်ခွင့် ပိတ်မှာစိုးတာကြောင့် အမျိုးသားဖြစ်သူကို သွားမတွေ့ခဲ့ပါဘူး။

မိသားစုဆိုတာဟာ အတူတူရှိနေခြင်းဖြစ်ပြီး ဒါမှလည်း ပိုပြီး ပြည့်စုံ၊ နွေးထွေးလှတာပါ။ သားမိချင်း၊ ဇနီးမောင်နှံချင်း၊ ညီအစ်ကိုမောင်နှမချင်း တကျော့ပြန် ဆုံစည်းခွင့်ရမယ့်နေ့ကသာ စစ်မှန်တဲ့ “မိသားစုဝင်များနေ့” ဖြစ်လာမှာပါ။

ဒါပေမယ့် ဒီနေ့ မြန်မာပြည်မှာတော့ မိသားစုသံယောဇဉ်ကို အရင်းပြုပြီး ပေးဆပ်နေရသူတွေ များစွာ ရှိနေပါတယ်။

ကိုထိန်လင်းရဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တဲ့ ဆန္ဒ၊ တော်လှန်ရေးရဲဘော်တွေရဲ့ အိမ်ပြန်ချင်တဲ့ ဆန္ဒတွေဟာ တနေ့မှာတော့ အမှန်တကယ် ပြည့်ဝလာမှာပါ။

စစ်အာဏာရှင်စနစ် ကျဆုံး၊ အကျဉ်းထောင်တံတိုင်းတွေ ပြိုလဲပြီး၊ စစ်ဘေးရှောင်စခန်းများ ပျောက်ကွယ်ကာ မြန်မာ့မြေပေါ်က ထမင်းဝိုင်းတွေအားလုံး မိသားစုဝင်စုံစုံလင်လင်နဲ့ ပြန်လည်ဆုံစည်းနိုင်မယ့် နေ့ရက်ကို အားလုံးမျှော် လင့်နေကြပါတယ်။

မိခင်ဖြစ်သူနဲ့ ဆယ်စုနှစ်တခုကြာထိ​ ဝေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကိုထိန်းလင်းကတော့ သူ့အမေနဲ့ တွေ့ခွင့်ရတဲ့အကြောင်း “အမေ့ကို နောက်တကြိမ် ပြန်တွေ့ချင်ရုံသက်သက်ပါ” လို့ ဆိုပါတယ်။