
ဒါပေမဲ့ ပမာဏဟာ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ကြာသပတေးနေ့မှာ မတွေ့ဆုံခင်က ရိုက်တာကို သတင်းရင်းမြစ်တွေ ပြောပြခဲ့တဲ့ လေယာဉ်အစင်းရေ ၅၀၀ ဝန်းကျင်ထက် အများကြီး နည်းနေတာပါ။
၁၅၊ မေ။
တရုတ်နိုင်ငံက ဘိုးရင်း လေယာဉ်အစင်းရေ ၂၀၀ ဝယ်ယူဖို့ သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ Fox News Channel ကို ပြောကြားခဲ့ပါတယ်။
အဆိုပါ ပမာဏဟာ ကျွမ်းကျင်သူတွေ ခန့်မှန်းထားတာထက် အများကြီး နည်းနေတဲ့အတွက် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေ ကျဆင်းသွားပါတယ်။
အဆိုပါ သဘောတူညီချက်နဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ ပေးပို့မလဲ၊ ဘယ်လိုလေယာဉ်အမျိုးအစားတွေလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ချက်ချင်း မသိရသေးပါဘူး။
ဒါပေမဲ့ ပမာဏဟာ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ကြာသပတေးနေ့မှာ မတွေ့ဆုံခင်က ရိုက်တာကို သတင်းရင်းမြစ်တွေ ပြောပြခဲ့တဲ့ လေယာဉ်အစင်းရေ ၅၀၀ ဝန်းကျင်ထက် အများကြီး နည်းနေတာပါ။
“သူ (ရှီကျင့်ဖျင်) ဒီနေ့ သဘောတူခဲ့တဲ့ အချက်တချက်ကတော့ လေယာဉ်အစင်းရေ ၂၀၀ မှာမယ်ဆိုတာပါပဲ။ အကြီးစားလေယာဉ် အစင်း ၂၀၀ ပေါ့” လို့ထရမ့်က Fox News ရဲ့ Hannity အစီအစဉ်မှာ ပြောသွားပါတယ်။
ဘိုးရင်းရဲ့ ရှယ်ယာစျေးတွေဟာ ကြာသပတေးနေ့ စျေးကွက်အတွင်းမှာ ၄.၁ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပါတယ်။
အခုလို လူအများ စောင့်ကြည့်နေတဲ့ ထိပ်သီးဆွေးနွေးပွဲကနေ ထွက်ပေါ်လာမယ့် စီးပွားရေး သဘောတူညီချက်တွေထဲမှာ ဘိုးရင်းလေယာဉ်အများအပြားမှာယူမှုက တခုအပါအဝင် ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ချမှတ်ခဲ့တဲ့ ထိရှလွယ် ကုန်သွယ်ရေးစစ်ပွဲ ယာယီရပ်နားထားတဲ့
သဘောတူညီချက်ကို သက်တမ်းတိုးဖို့လည်းမျှော်လင့်ထားကြတာပါ။
အဲဒီတုန်းက ထရမ့်က တရုတ်ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်မယ့် အစီအစဉ်ကို ဆိုင်းငံ့ပေးခဲ့ပြီး ရှီကျင့်ဖျင်ကလည်း အရေးပါတဲ့ မြေရှားသတ္တုတွေ ကမ္ဘာ့စျေးကွက်ကို တင်ပို့မှု မဖြတ်တောက်ဖို့ နောက်ဆုတ်ပေးခဲ့ပါတယ်။
အဆိုပါ ကြေညာချက်အပေါ် စတော့စျေးကွက် (Wall Street) ရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ဘက်ကတော့ တစုံတရာ မှတ်ချက်ပေးဖို့ ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စကို သိရှိနားလည်တဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဆွေးနွေးမှုတွေဟာ ဘိုးရင်း 737 MAX အမျိုးအစား အစင်းရေ ၅၀၀ အတွက် ဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ထိပ်သီးဆွေးနွေးပွဲအပြီး နောက်ဆက်တွဲမှာ ပိုပြီးစျေးကြီးတဲ့ ကိုယ်ထည်ကျယ် လေယာဉ် အစင်းရေ ဒါဇင်ပေါင်းများစွာကိုလည်း မှာယူနိုင်ခြေ ရှိနေတာပါ။
တရုတ်နိုင်ငံဟာ ဥရောပလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Airbus နဲ့လည်း ဒီလိုမျိုး ပမာဏတူညီတဲ့ သဘောတူညီချက်ရဖို့ ဆွေးနွေးနေပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၀၅ ကနေ ၂၀၁၇ ခုနှစ်အထိ တနှစ်ကို ပျမ်းမျှ လေယာဉ်အစင်းရေ ၁၂၇ စင်းအထိ မှာယူခဲ့တာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ တရုတ်လေကြောင်းလိုင်းတွေရဲ့ လေယာဉ်မှာယူမှုဟာ တနှစ်ကို ပျမ်းမျှ ခြောက်စင်းလောက်ပဲ ရှိပါတော့တယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး လေကြောင်းစျေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပြိုင်ဘက်လေယာဉ်ထုတ်လုပ်သူတွေဟာ အရောင်းအဝယ်ရဖို့ ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်နေကြတာပါ။
၂၀၁၀ ပြည့်နှစ်တွေအတွင်းမှာ Airbus ဟာ ဘိုးရင်းကို ကျော်တက်ပြီး စျေးကွက်ဝေစု အများစုကို ရယူနိုင်ခဲ့သလို ထျန်းကျင်းမြို့မှာ A320 လေယာဉ်တပ်ဆင်တဲ့ စက်ရုံတောင် ဖွင့်လှစ်ခဲ့ပါတယ်။
ခရီးသွားလာမှု လိုအပ်ချက် အလွန်အမင်း မြင့်တက်လာတာကို အမီလိုက်နိုင်ဖို့ တရုတ်အစိုးရဟာ ကုမ္ပဏီနှစ်ခုလုံးဆီကနေ ဝယ်ယူနေရတာပါ။ ကျွမ်းကျင်သူအများစုရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ အခုအချိန်မှာ လေယာဉ်အသစ် အစင်းရေ ၁,၀၀၀ လောက်အထိ မှာယူဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဘိုးရင်းနဲ့ Airbus ကုမ္ပဏီနှစ်ခုလုံးရဲ့ စျေးကွက်ခန့်မှန်းချက်တွေအရ ၂၀၄၅ ခုနှစ်မှာဆိုရင် တရုတ်နိုင်ငံဟာ လေယာဉ်အသစ် အနည်းဆုံး အစင်းရေ ၉,၀၀၀ လောက် လိုအပ်လာမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ နောက်ဆုံးအကြိမ် ဘိုးရင်းလေယာဉ်တွေ အများအပြားမှာယူခဲ့တာကတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ထရမ့်ရဲ့ ဘေကျင်းခရီးစဉ်အတွင်းမှာ ဖြစ်ပြီး အဲဒီတုန်းက လေယာဉ်အစင်းရေ ၃၀၀ ဝယ်ဖို့ သဘောတူခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားသွားခဲ့ပြီး ဘိုးရင်းဟာ အစင်းရေ ၅၁ စင်းပဲ ထပ်မံမှာယူမှု ရရှိခဲ့ပါတယ်။ အဆိုပါလေယာဉ်တွေကလည်း အများအားဖြင့် ကုန်တင်လေယာဉ်တွေပဲ ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ သံတမန်ရေးရာ ထိပ်သီးဆွေးနွေးပွဲတွေကို အသုံးချပြီး လေယာဉ်မှာယူမှုတွေကို လူသိရှင်ကြား ကြေညာလေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါဟာ စာချုပ်ပါ အချက်အလက်တွေထက် နိုင်ငံရေးအခြေအနေကို ပိုပြီး ထင်ဟပ်စေတတ်ပါတယ်။
တရုတ်လေကြောင်းလိုင်းတွေ လေယာဉ်ဝယ်ယူတဲ့အခါ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက် လိုအပ်ပြီး ဒါဟာ သံတမန်ရေးရာ ခရီးစဉ်တွေနဲ့ မကြာခဏ ဆက်စပ်နေတတ်ပါတယ်။
လေယာဉ်ကို တကယ်တမ်း ဘယ်လေကြောင်းလိုင်းက အသုံးပြုမှာလဲဆိုတာကို လေယာဉ်လွှဲပြောင်းပေးခါနီးအထိ မသိရတာမျိုးတွေ ရှိတတ်တယ်လို့ BNP Paribas က လေကြောင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ မတ်အက်ကာက ရိုက်တာကို ပြောပါတယ်။
“ဒီခရီးစဉ်အတွင်းမှာ နောက်ထပ် အမှာစာတွေ ထပ်ရဦးမှာ ဖြစ်နိုင်ပေမဲ့၊ အခုလောလောဆယ်မှာတော့ ရင်းနှီးမြှုပ်နှံသူတွေက မျှော်လင့်ထားတာထက်နည်းနေတယ်လို့ပဲ ယူဆနေကြတယ်” လို့ သူက ဆိုပါတယ်။
ဘိုးရင်း စီအီးအို ကယ်လီအော့ဘတ်ဂ်နဲ့ GE Aerospace စီအီးအို လယ်ရီကတ်ပ်တို့ဟာ ထရမ့်ရဲ့ တရုတ်ခရီးစဉ်မှာ လိုက်ပါလာတဲ့ အမေရိကန် ထိပ်တန်းလုပ်ငန်းရှင်တွေထဲမှာ ပါဝင်ပါတယ်။ သူတို့ဟာ စီးပွားရေး သဘောတူညီချက်တွေ ရဖို့ ဒါမှမဟုတ် အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြတာပါ။
ထရမ့်ဟာ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေလုပ်တဲ့အခါ တခြားနိုင်ငံတွေအနေနဲ့ ဘိုးရင်းလေယာဉ်တွေကို ပိုပြီးဝယ်ယူကြဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းလေ့ ရှိပါတယ်။
ပြီးခဲ့တဲ့လတုန်းက အော့ဘတ်ဂ်က ရိုက်တာကို ပြောကြားရာမှာ တရုတ်နိုင်ငံနဲ့ အဓိက သဘောတူညီချက်တခု ရရှိဖို့အတွက် ထရမ့်အစိုးရရဲ့ ပံ့ပိုးကူညီမှုကိုမျှော်လင့်ထားတယ်လို့ ဆိုခဲ့ပါတယ်။
Ref – Reuters