
UAE နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ နေတန်ညာဟုဖြစ်ဖြစ်၊ အစ္စရေးစစ်ဘက်ကိုယ်စားလှယ်အဖွဲ့ဖြစ်ဖြစ် သူတို့နိုင်ငံဆီ လာရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပါတယ်။
၁၄၊ မေ။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အီရန်နဲ့ စစ်ဖြစ်နေတဲ့ကာလအတွင်း အာရပ်စော်ဘွားများနိုင်ငံ ယူအေအီး (UAE) နိုင်ငံဆီ လျှို့ဝှက်သွားရောက်ခဲ့ပြီး အဆိုပါ နိုင်ငံရဲ့ သမ္မတနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောလိုက်တာပါ။
အစ္စရေးဝန်ကြီးချုပ်နဲ့ သမ္မတ ရှိတ် မိုဟာမက် ဘင် ဇာယက်တို့ရဲ့ တွေ့ဆုံမှုဟာ သမိုင်းဝင် အောင်မြင်မှု တခုဖြစ်တယ်လို့ နေတန်ညာဟုရဲ့ ရုံးအဖွဲ့က ပြောပါတယ်။
ဒါပေမဲ့ အခုပြောဆိုချက်ထွက်လာပြီး မကြာခင်မှာဘဲ UAE နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ခရီးစဉ်နဲ့ပတ်သက်တဲ့ ပြောဆိုချက်တွေဟာ လုံးဝအခြေအမြစ်မရှိဘူးလို့ ငြင်းဆိုလိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ တရားမဝင်တဲ့ အစီအစဉ်တွေ အပေါ်မှာအခြေခံထားတာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ အီရန်က UAE နိုင်ငံအတွင်းက ပစ်မှတ်တော်တော်များများကို တိုက်ခိုက်ခဲ့သလို အမေရိကန်နဲ့အစ္စရေးတို့နဲ့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတဲ့အပေါ် တီဟီရန်က အမြဲတမ်း ဝေဖန်ခဲ့တာပါ။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီကတော့ အီရန်လုံခြုံရေးအဖွဲ့တွေက သူတို့နိုင်ငံခေါင်းဆောင်တွေကို လွန်ခဲ့တဲ့အချိန်ကတည်းက သတိပေးခဲ့တာကို အခုတော့ နေတန်ညာဟုက လူသိရှင်ကြား ဝန်ခံလိုက်တာပဲလို့ ဆိုပါတယ်။
အစ္စရေးနဲ့ ပူးပေါင်းကြံစည်တာဟာ ခွင့်မလွှတ်နိုင်စရာဖြစ်ပြီး ဒီလိုလုပ်တဲ့သူတွေအနေနဲ့ တာဝန်ခံရလိမ့်မယ်လို့လည်း သူကထပ်ပြောခဲ့ပါတယ်။
UAE နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ နေတန်ညာဟုဖြစ်ဖြစ်၊ အစ္စရေးစစ်ဘက်ကိုယ်စားလှယ်အဖွဲ့ဖြစ်ဖြစ် သူတို့နိုင်ငံဆီ လာရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပါတယ်။
“UAE အနေနဲ့ အစ္စရေးနဲ့ ဆက်ဆံရေးဟာ လူသိရှင်ကြားဖြစ်သလို တရားဝင်ထုတ်ပြန်ထားတဲ့ အေဘရာဟမ် သဘောတူညီချက်ဘောင်အတွင်းမှာပဲ လုပ်ဆောင်တာဖြစ်ပြီး မပွင့်လင်းတဲ့ ဒါမှမဟုတ် တရားမဝင်တဲ့ အစီအစဉ်တွေအပေါ်မှာ အခြေခံထားတာမဟုတ်ဘူး” လို့ အလေးအနက် ပြန်ပြောထားပါတယ်။
အေဘရာဟမ် သဘောတူညီချက်ဆိုတာကတော့ သမ္မတထရမ့်ရဲ့ ပထမသက်တမ်းအတွင်း အစ္စရေးနဲ့ အာရပ်နိုင်ငံအချို့ကြားဆက်ဆံရေး ပုံမှန်ဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ သဘောတူညီချက်တွေပဲ ဖြစ်ပါတယ်။
နေတန်ညာဟုနဲ့ UAE သမ္မတတို့ရဲ့ တွေ့ဆုံမှုဟာ အိုမန်နယ်စပ်အနီးက အယ်လ်အင်းအိုအေစစ်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နာရီပေါင်းတော်တော်ကြာခဲ့တယ်လို့ ရိုက်တာသတင်းဌာနက သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဖော်ပြထားပါတယ်။
အင်္ဂါနေ့မှာတော့ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဟပ်ကာဘီးက အီရန်ရဲ့ တိုက်ခိုက်မှုတွေကို UAE နိုင်ငံက ခုခံနိုင်ဖို့အတွက် အစ္စရေးက သူတို့ရဲ့ Iron Dome စနစ်တွေကို ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။
Iron Dome ဆိုတာကတော့ ဒုံးကျည်တွေ၊ ရော့ကတ်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ်ဖျက်ဆီးနိုင်တဲ့ အဆင့်မြင့် အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်ပဲ ဖြစ်ပါတယ်။
ဒီလို Iron Dome တွေ တပ်ဆင်ပေးတာဟာ အေဘရာဟမ် သဘောတူညီချက်အပေါ် အခြေခံတဲ့ UAE နဲ့ အစ္စရေးကြားကထူးခြားတဲ့ ဆက်ဆံရေးကြောင့် ဖြစ်တယ်လို့ ဟပ်ကာဘီးက ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီလကုန်ပိုင်း စစ်ပွဲစတင်ကတည်းကနေ အခုအထိ ဘောလစ်တစ်အမျိုးအစား ဒုံးကျည် ၅၅၁ စင်း၊ ခရုစ်ဒုံးကျည် ၂၉ စင်းနဲ့ တခြားပစ်ခတ်မှုပေါင်း ၂,၂၆၅ ခုကို ခုခံကာကွယ်ခဲ့ရတယ်လို့ မေလ၁၀ ရက်နေ့မှာ UAE ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
UAE အနေနဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပေမဲ့ လူသိရှင်ကြား ဝန်ခံခြင်းမရှိသေးဘူးလို့ တနင်္လာနေ့မှာ Wall Street Journal က ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ ဧပြီလအစောပိုင်းက အီရန်ရဲ့ လာဗန်ကျွန်းပေါ်က ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့တာလည်း ပါဝင်ပါတယ်။
ဗုဒ္ဓဟူးနေ့အစောပိုင်းမှာတော့ UAE သမ္မတရဲ့ အကြံပေး အန်ဝါ ဂါဂတ်ရှ်က သူတို့အနေနဲ့ သံတမန်ရေးလမ်းကြောင်းကိုပဲဆက်လက်ကိုင်စွဲထားပေမဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။
သူ့ရဲ့ ပို့စ်မှာတော့ UAE ဟာ စစ်ပွဲကို အလိုမရှိသလို ရှောင်ရှားဖို့လည်း ကြိုးစားခဲ့တယ်လို့ ရေးသားထားပြီး “ပင်လယ်ကွေ့ဒေသက အာရပ်နဲ့ အီရန် ဆက်ဆံရေးဟာ ထိပ်တိုက်တွေ့မှုတွေနဲ့ ပဋိပက္ခတွေအပေါ်မှာ တည်ဆောက်လို့မရဘူး” လို့ ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်ကြားမှာ အပစ်အခတ်ရပ်စဲထားတာ တလလောက် ရှိနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အီရန်ကတော့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ဆက်ပြီးပိတ်ဆို့ထားဆဲဖြစ်တာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ တက်လာစေပါတယ်။ ပုံမှန်အားဖြင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့အရည် ၂၀ ရာခိုင်နှုန်းလောက်ဟာ အဆိုပါ ရေလက်ကြားကနေ ဖြတ်သန်းသွားတာပါ။
အမေရိကန်ကလည်း သူတို့ရဲ့ သတ်မှတ်ချက်တွေကို အီရန်က သဘောတူလာအောင် ဖိအားပေးတဲ့အနေနဲ့ အီရန်ဆိပ်ကမ်းတွေကိုပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။
တနင်္ဂနွေနေ့မှာတော့ အီရန်က စစ်ပွဲအဆုံးသတ်ဖို့နဲ့ ရေလက်ကြား ပြန်ဖွင့်ပေးဖို့အတွက် သူတို့ရဲ့တောင်းဆိုချက်တွေကို အမေရိကန်ဆီ ပြန်လည်ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်က အဆိုပါ ကမ်းလှမ်းချက်ဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ပြောပြီး ပယ်ချလိုက်သလို အပစ်အခတ်ရပ်စဲရေးဟာလည်း အသက်ဆက်ဖို့ ခဲယဉ်းနေပြီလို့ ပြောခဲ့ပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဂါလီဘတ်ဖ်ကတော့ ကျူးကျော်မှုမှန်သမျှကို တုံ့ပြန်ဖို့နဲ့ သင်ခန်းစာပေးဖို့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေက အသင့်ပဲလို့ X လူမှုစာမျက်နှာကတဆင့် ပြန်လည်တုံ့ပြန်ထားပါတယ်။
Ref – BBC