တနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် လူပေါင်းရှစ်ရာကျော် သေဆုံး

ပဉ္စမမဏ္ဍိုင်အဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြတဲ့ လူငယ်တွေ စုစည်းထားတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။

 

၁၃၊ မေ။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၁၂ လတာ ကာလအတွင်းမှာ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်နဲ့ နေပြည်တော်ဒေသတွေမှာ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁,၁၂၂ ကြိမ်အထိ ရှိခဲ့တယ်လို့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးအတွက် ပြုစုထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။

 

အဲဒီ ဖြစ်စဉ်တွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုက ၅၁၃ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး စစ်ရာဇဝတ်မှုက ၄၃၀ ကြိမ်နဲ့ရာဇဝတ်မှုက ၁၇၉ ကြိမ်အထိ ပါဝင်နေပါတယ်။ အဆိုပါ မှတ်တမ်းတွေဟာ မြေပြင်ကွင်းဆင်း မေးမြန်းချက်တွေနဲ့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေကို အခြေခံထားတာဖြစ်ပြီး နောင်တချိန်မှာ သက်သေအထောက်အထားတွေအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ပဉ္စမမဏ္ဍိုင် – Pyinsama Mandai Civil Surveillance Group က အသိပေးပါတယ်။

“စစ်တမ်းဧရိယာတိုးချဲနိုင်ရင်တော့ ဧရာဝတီတိုင်းဘက် ကောက်ဖို့ စဉ်းစားချက်တော့ ရှိပါတယ်။ ‌လောလောဆယ် ရှိတဲ့လူအင်အားနဲ့ပဲ ဆက်ပြီး စစ်တမ်းကို ကောက်ယူရတဲ့ အခြေအနေမျိုးမှာပဲ ရှိနေသေးတာဆိုတော့ ကျနော်တို့ထပ်မတိုးချဲနိုင်သေးတာ”လို့ ပဉ္စမမဏ္ဍိုင်ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

 

ထိခိုက်သေဆုံးမှု အခြေအနေတွေအရ  ဖမ်းဆီးခံရသူ အရေအတွက်ကတော့ ၂,၄၁၁ ဦးအထိ ရှိခဲ့ပြီး အမျိုးသား ၂,၃၀၂ ဦးနဲ့အမျိုးသမီး ၁၀၉ ဦး ဖြစ်ပါတယ်။ ဒေသအလိုက် ကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းဟာ ဖြစ်စဉ်ပေါင်း ၆၇၀ နဲ့ အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ဒေသဖြစ်ပြီး မုံရွာမြို့နယ်ကတော့ ၂၂၇ ကြိမ်နဲ့ ဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာ ၂၃၆ ကြိမ်၊နေပြည်တော်မှာ ၁၂၁ ကြိမ်နဲ့ မကွေးတိုင်းမှာ ၉၅ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

 

ကျူးလွန်မှု ဖြစ်စဉ်တွေထဲမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၄၄ ကြိမ် ပါဝင်ပြီး စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ၂၀ ကြိမ်နဲ့ အများဆုံး တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပေါ်တာဆွဲတာနဲ့ ဧည့်စာရင်း စစ်ဆေးပြီး ဖမ်းဆီးတာစုစုပေါင်း ၃၀၀ နီးပါး ရှိခဲ့သလို နေအိမ် ၃,၅၀၀ ကျော်နဲ့ ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံတွေလည်းပျက်စီးဆုံးရှုံးခဲ့ပါတယ်။

 

ပစ္စည်းလုယက်ခံရမှု ၄၀ ကြိမ်အတွင်းမှာလည်း ငွေကြေးတန်ဖိုး သိန်းပေါင်း ၂၇,၄၀၀ ကျော်အထိ ဆုံးရှုံးခဲ့ရပါတယ်။ ကျူးလွန်သူတွေကို ကြည့်မယ်ဆိုရင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ပျူစောထီး အဖွဲ့တွေက ၉၁၅ ကြိမ်နဲ့ အများဆုံး ကျူးလွန်ခဲ့တာဖြစ်ပြီး တော်လှန်ရေး အဖွဲ့အစည်းတွေက ၁၀၅ ကြိမ်နဲ့ အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက ၁၁၈ ကြိမ်ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပဉ္စမမဏ္ဍိုင်အဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြတဲ့ လူငယ်တွေ စုစည်းထားတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တွေကို စနစ်တကျ မှတ်တမ်းတင်ထားပြီး အနာဂတ် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်တဲ့အခါ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအဖြစ် အသုံးပြုနိုင်မှာ ဖြစ်သလို၊ ကျူးလွန်သူတွေကိုလည်း တရားဥပဒေအရ အရေးယူပြီး တာဝန်ခံမှု ရှိလာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ထိခိုက်နစ်နာခဲ့ရတဲ့ အရပ်သားတွေကို ပြန်လည်ကုစားပေးနိုင်ဖို့အတွက်လည်း ဒီအဖွဲ့က အလေးထား လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အချက်အလက်တွေ စုဆောင်းတဲ့အခါမှာ တိကျမှန်ကန်မှု ရှိအောင်လို့ Data Based Monitoring Survey နည်းစနစ်နဲ့ စောင့်ကြည့်လေ့လာပြီး မြေပြင်အထိ ကွင်းဆင်းကာ အချက်အလက်တွေ ကောက်ယူသလို သွားလာရ ခက်ခဲတဲ့နေရာတွေအတွက် ဖုန်း ဒါမှမဟုတ် အင်တာနက်ကနေတဆင့် တိုက်ရိုက်ချိတ်ဆက် မေးမြန်းတာမျိုးတွေ ပြုလုပ်သလို လူမှုကွန်ရက်နဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကိုလည်း ကိုးကားပြီး စနစ်တကျ စုဆောင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။