
ဆွေးနွေးပွဲအတွင်း သမ္မတရှီက တရုတ်နဲ့ အမေရိကန်ကြား သဘောထားကွဲလွဲမှုတွေထက် ဘုံအကျိုးစီးပွားများက ပိုမိုအလေးသာကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
၁၄၊ မေ။
တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာဒီနေ့ မေလ ၁၄ ရက်နေ့မှာ ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံခဲ့ကြပါတယ်။
အဆိုပါ တွေ့ဆုံမှုအတွင်း သမ္မတရှီက နှစ်နိုင်ငံဆက်ဆံရေးဟာ ကမ္ဘာ့တည်ငြိမ်ရေးအတွက် အရေးပါကြောင်းနဲ့ အတိတ်ကအစဉ်အလာကို ဆက်ခံကာ အနာဂတ်သစ်ကို ဖော်ဆောင်ကြဖို့ တိုက်တွန်းပြောကြားပါတယ်။
သမ္မတရှီက သမ္မတထရမ့်ကို ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အတူတကွ ဖြေရှင်းနိုင်မဲ့ အလားအလာနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့ပါတယ်။
“ဒါတွေဟာ သမိုင်းကြောင်းနဲ့ဆိုင်သလို ကမ္ဘာကြီးနဲ့ ပြည်သူတွေနဲ့လည်း ဆိုင်တဲ့ မေးခွန်းတွေပါ။ အင်အားကြီးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေအနေနဲ့ ခင်ဗျားနဲ့ကျွန်တော် အတူတူဖြေရှင်းရမဲ့ ကျွန်တော်တို့ခေတ်ရဲ့ အရေးကြီးဆုံး မေးခွန်းတွေလည်း ဖြစ်ပါတယ်” လို့ သမ္မတရှီက ဆိုပါတယ်။
သမ္မတထရမ့်ကလည်း တရုတ်သမ္မတနဲ့ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ကြောင်းနဲ့ အခုခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးဟာ ဘယ်တုန်းကထက်မဆို ပိုပြီးကောင်းမွန်လာတော့မယ်လို့ ယုံကြည်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲအတွင်း သမ္မတရှီက တရုတ်နဲ့ အမေရိကန်ကြား သဘောထားကွဲလွဲမှုတွေထက် ဘုံအကျိုးစီးပွားများက ပိုမိုအလေးသာကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်ကို နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင်မှတ်တိုင်တခု ဖြစ်စေချင်ကြောင်းလည်း သူက ဖြည့်စွက်ပြောဆိုပါတယ်။
ဒီနေ့မနက်ပိုင်းက တီယန်နန်မင်ရင်ပြင်မှာ ကျင်းပတဲ့ ကြိုဆိုပွဲအခမ်းအနားမှာ အမေရိကန်နိုင်ငံတော်သီချင်းနဲ့အတူ အမြောက် ၂၁ချက်ပစ်ဖောက် ဂုဏ်ပြုခဲ့ပါတယ်။
တရုတ်စစ်တီးဝိုင်းက အမေရိကန်နိုင်ငံတော်သီချင်းကို တီးခတ်နေစဉ်အတွင်း သမ္မတထရမ့်က အလေးပြုခဲ့ပြီး တရုတ်စစ်တပ်ကလည်း စစ်ရေးပြ ချီတက်အလေးပြုခဲ့ကြပါတယ်။
အဲဒီနောက် ခေါင်းဆောင်နှစ်ဦးဟာ အမေရိကန်နဲ့ တရုတ်အလံတွေကို ဝှေ့ယမ်းနှုတ်ဆက်နေကြတဲ့ ကျောင်းသားငယ်လေးတွေကို ရင်းရင်းနှီးနှီး သွားရောက်နှုတ်ဆက်ခဲ့ကြပါတယ်။
အခုတွေ့ဆုံမှုဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ကမ္ဘာ့ရေးရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မဲ့အခွင့်အလမ်းတခုအဖြစ် နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။
Ref – Reuters