
တန်ခူးလကုန်တာနဲ့ အင်းလုပ်ကိုင်ခွင့် ကုန်ဆုံးပြီး ကဆုန်လကစလို့ ငါးတွေဥကပ်နိုင်ဖို့အတွက် ငါးမွေးခြုံရာသီအဖြစ် သတ်မှတ်ထားပြီး နယုန်၊ ဝါဆို၊ ဝါခေါင်လ (မေ၊ ဇွန်၊ ဇူလိုင်လ)တွေကို ငါးရစ်ငါးသန်ကာလတွေအဖြစ် ငါးဖမ်းဆီးမှုတွေကို တင်းကြပ်ပိတ်ပင်ထားပါတယ်။
၁၂၊ မေလ။
ဇလွန်နဲ့ ဓနုဖြူမြို့နယ်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး မေလကုန်ထိ အင်းလုပ်ဖို့ ကြိုးစားနေတာကို တိုင်ကြားသူတွေ ရှိတာကြောင့် ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတွေက နယ်မြေဆင်း စစ်ဆေးပြီး တားဆီးပိတ်ပင်လိုက်ပါတယ်။
“ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်တုန်းက မြို့နယ်ဦးစီးနဲ့ တခြားသူတွေလည်းပါတယ်။ လာစစ်ပြီး ဆက်လုပ်ခွင့် မပြုတော့ဘူးဆိုပြီး လာပိတ်သွားတယ်။ မြို့နယ်ဦးစီးဘက်က အင်းသားကြီ (အင်းလုပ်ငန်းရှင်ကြီး)တွေကို ငွေတချို့ ပြန်အမ်းရတယ် ကြားပေမယ့် အဲ့ဒါတော့ သေချာမသိဘူး။ ဒါပေမယ့် အင်းလုပ်နေတာတွေတော့ ရပ်သွားတယ် ” လို့ ဓနုဖြူမြို့နယ်၊ တော်ကွဲကျေးရွာက အင်းလုပ်ငန်းရှင်တဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက် (တန်ခူးလကုန်)က အင်းလုပ်ကိုင်ခွင့် ပြီးဆုံးသွားခဲ့ပေမယ့် ဇလွန်နဲ့ ဓနုဖြူမှာရှိတဲ့ အင်းလုပ်ငန်းရှင်ကြီး(အင်းသားကြီး) တချို့က မေလကုန်ထိ အင်းလုပ်ကိုင်ခွင့်ရဖို့ မြို့နယ်ငါးဦးစီးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
ပုံမှန်အားဖြင့် တန်ခူးလကုန်တာနဲ့ အင်းလုပ်ကိုင်ခွင့် ကုန်ဆုံးပြီး ကဆုန်လကစလို့ ငါးတွေဥကပ်နိုင်ဖို့အတွက် ငါးမွေးခြုံရာသီအဖြစ် သတ်မှတ်ထားပြီး နယုန်၊ ဝါဆို၊ ဝါခေါင်လ (မေ၊ ဇွန်၊ ဇူလိုင်လ)တွေကို ငါးရစ်ငါးသန်ကာလတွေအဖြစ် ငါးဖမ်းဆီးမှုတွေကို တင်းကြပ်ပိတ်ပင်ထားပါတယ်။
ဒါပေမယ့် မေလအတွင်းမှာ အင်းတွေကို လေလံပြန်ဆွဲကြပြီး လေလံအောင်ကြတဲ့ အင်းလုပ်ငန်းရှင်တွေကို တော်သလင်းလမှာမှ ပြန်လည်လုပ်ကိုင်ခွင့်ပြုတာ ဖြစ်ပါတယ်။ ဇလွန်နဲ့ ဓနုဖြူမြို့နယ်မှာ အင်းပေါင်း ၅၀၀ ကျော်ရှိပါတယ်။
“ မနှစ်ကလည်း တိုင်ကြတယ် ဇလွန်က ဦးစီးမှုးပြောင်းရတယ်။ ခုလည်း ဓနုဖြူက ဦးစီးမှုးပြောင်း ရဖို့ရှိတယ်။ ဒါပေမယ့် ခုကြားထားတာတော့ အင်းလုပ်ခွင့်တိုးပေးလို့ ပြစ်ဒဏ်အနေနဲ့ ရှေ့ရတာတော့ မဟုတ်ဘူး။ ရာထူးတိုးနဲ့ရွေ့တာလို့ ပြောတယ် ” လို့ ဓနုဖြူမြို့နယ်ထဲက အင်းတခုကို လာမယ့်ရာသီအတွက် လေလံဝင်ရောက်ယှဉ်ပြိုင်မယ့် အင်းလုပ်ငန်းရှင် တဦးက DNA ကိုပြောပါတယ်။
ဒီမြို့နယ်တွေက အင်းလုပ်ငန်းရှင်အများစုဟာ အင်းရာသီမှာ လျှပ်စစ်ရှော့တိုက် ဖမ်းဆီးမှုတွေရှိနေပြီး ဒါဟာလည်း ပြန်လည်တင်းကြပ်သင့်တဲ့ ပြဿနာဖြစ်လာနေကြောင်းနဲ့ လျှပ်စစ်ရှော့တိုက် ဖမ်းဆီးခြင်းကြောင့် တနှစ်ထက် တနှစ် ငါးအထွက်နူန်းတွေ ကျဆင်းလာတယ်လို့ တော်ကွဲကျေးရွာက အင်းလုပ်ငန်းရှင်က ဆိုပါတယ်။
ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၁၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ အခန်း (၁၃) တားမြစ်ချက်များဆိုတဲ့ အပိုင်းက ပုဒ်မ ၄၇ ရဲ့ အချက် (ခ)မှာ လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ ငါးဖမ်းခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်း၊ အချက် (ဃ)မှာ တားမြစ်ထားသော ငါးမျိုး၊ ငါးအရွယ်အစားကို ဖမ်းခြင်း၊ အချက် (င)မှာ တားမြစ်ထားသော အချိန်ကာလနှင့် နေရာဒေသတွင် ငါးဖမ်းခြင်း ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒီအချက်တွေကို ဖောက်ဖျက်ရင် ထောင်ဒဏ် ၂ နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ပုံမှန်အားဖြင့် မိုးဦးကာလဖြစ်တဲ့ မေ၊ ဇွန်၊ ဇူလိုင်လတွေမှာ ငါးတွေမျိုးပွားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်တာကြောင့် ဒီကာလတွေမှာ ငါးရစ် ငါးသန်နဲ့ ငါးသားပေါက်တွေကို ဖမ်းဆီးခြင်းမပြုကြဖို့ ငါးလုပ်ငန်း ဦးစီးဌာနက ပညာပေး အစီအစဉ်တွေ၊ တားမြစ်ချက် ကြေညာတာတွေ ပြုလုပ်လေ့ရှိပါတယ်။