ဧရာ၀တီမှာ AA နဲ့ PDF တပ်ဖွဲ့ဝင်တွေ အလင်းဝင်တယ်လို့ စစ်တပ် ဝါဒဖြန့်ပြန်

“ဒီလိုမသမာ၊ မရိုးသားတဲ့လုပ်ရပ်တွေကိုကြည့်ခြင်းအားဖြင့် အသစ်တက်လာမဲ့ အရပ်သားအဝတ်လဲ ဖားတပိုင်း ငါးတပိုင်းအစိုးရရဲ့ ဖြောင့်မတ်မှန်ကန်မှုမရှိတဲ့၊ မရိုးသားတဲ့ အခြေခံစိတ်ဓါတ်တွေကိုခန့်မှန်းလို့ရတာပေါ့”

၁၂၊ မေ။

နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဧရာ၀တီတိုင်းအတွင်း စစ်မျက်နှာပြင်တွေကနေ အာရက္ခတပ်တော်(AA)နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၃၁ ဦး လက်နက်ချ၊ အလင်းဝင်လာတယ်လို့ စစ်အစိုးရက ထပ်မံပြီး ဝါဒဖြန့် ထုတ်ပြန်လာပါတယ်။

AA အပါအဝင် ဒေသတွင်း ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေကတော့ အဲဒီလိုဖြစ်စဉ်မျိုး မြေပြင်မှာ တကယ် မရှိဘဲ စစ်ကော်မရှင်တပ်က မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်တာသာဖြစ်တယ်လို့ ပြောကြပါတယ်။

“ကျွန်တော်တိုတပ်ဖွဲဝင်တွေ လက်နက်ချတယ်ဆိုတဲ့ဖြစ်စဉ်မျိုးလုံးဝမရှိဘူးဗျ၊ ဒါဟာအကြမ်းဖက်မြန်မာစစ်တပ် က သူ့တပ်ဖွဲဝင်မိသားစုဝင်တွေကို အတင်းအဓမ္မဟန်ဆောင်လုပ်ခိုင်းပြီးတော့ လုပ်ကြံဝါဒဖြန့်နေတာတွေသာဖြစ် ပါတယ်” လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DNA ကို ပြောပါတယ်။

ဧရာ၀တီတိုင်းစစ်မျက်နှာမှာ တာဝန်ထမ်းနေတဲ့ AA တပ်ဖွဲ့တဦးကလည်း အဲဒီလိုဖြစ်စဉ်မျိုး မရှိဘူးလို့ ဆိုပါတယ်။

“မကြားဖူးပါဘူး။ သူတို့တပ်ကကောင်တွေပဲ ဒီဘက်ကို အလင်းဝင်လာကြတာရှိတယ်။ အခုတိုက်ပွဲတွေမှာတောင် လက်နက်တွေနဲ့ ထွက်ပြေးပြီး ဝင်လာကြတာ အများကြီး။ တမင်မကာ လုပ်ကြံတာ၊ ပုံမှားရိုက်တာပါပဲ ဒါတွေက” လို့ ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ်အတွင်းက ရှေ့တန်းစစ်မျက်နှာမှာ ရောက်နေတဲ့ AA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အလားတူပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာလည်း အဲဒီလို အလင်းဝင်တာမရှိဘူးလို့ ဆိုကြပါတယ်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ငသိုင်းချောင်းဒေသခံတဦးက “အဲဒါတွေက ရိုးနေပါပြီ။ လုပ်နေကျ တွေလေ။ ကျွန်တော်တို့ကြားတာက အခု အလင်းဝင်တယ်ဆိုတဲ့သူတွေက စစ်မှုထမ်းအဖမ်းခံရတဲ့သူတွ၊ ရခိုင်က ရန်ကုန်သွားတဲ့သူတွေကို လမ်းကနေ ဖမ်းထားပြီး AA လိုလို ၊ PDF လိုလို ကောက်လုပ်လိုက်တာ” လို့ ပြောပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ AA တပ်ဖွဲ့ဝင် ၇ ဦးနဲ့ PDF တပ်ဖွဲ့ဝင် ၃၁ ဦးတို့ကို မေလ ၁၁ ရက်နေ့မှာ မိဘတွေဆီ ပြန်လည်အပ်နှံတဲ့ပွဲကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ် ဌာနချုပ်(နတခ)မှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်၊ ဝါဒဖြန့်ထားတာပါ။

PDF ၂၄ ဦးတို့ဟာ ဧရာဝတီတိုင်း ပုသိမ်၊ ငပုတော၊ ငရုတ်ကောင်း၊ ကြံခင်း၊ လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်နဲ့ မန္တ လေးတိုင်းတို့မှ ဖြစ်ပြီး AA တပ်ဖွဲ့ဝင်တွေဟာ သံတွဲ၊ မောင်တော၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ဧရာ၀တီတိုင်းတို့ကဖြစ် တယ်လို့ ဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားအဝတ်လှဲပြီးတော့  တရားဝင်မှုရဖို့ကြိုးစားနေတာမှာ ရိုးသားတဲ့နည်း လမ်းနဲ့ အဖြေရှာဖို့ကြိုးစားတာထက် စိတ်ဓါတ်စစ်ဆင်ရေးလုပ်ပြီး လှုံ့ဆော်နေတာတွေကို ပိုပြီးတော့ တွေ့မြင် နေရတယ်လို့ ဦးခိုင်သုခက ပြောထားပါတယ်။

“ဒီလိုမသမာ၊ မရိုးသားတဲ့လုပ်ရပ်တွေကိုကြည့်ခြင်းအားဖြင့် အသစ်တက်လာမဲ့ အရပ်သားအဝတ်လဲ ဖားတပိုင်း ငါးတပိုင်းအစိုးရရဲ့ ဖြောင့်မတ်မှန်ကန်မှုမရှိတဲ့၊ မရိုးသားတဲ့ အခြေခံစိတ်ဓါတ်တွေကိုခန့်မှန်းလို့ရတာပေါ့” လို့ သူက ဆိုပါတယ်။