အမေရိကန်က အီရန်နဲ့ စီးပွါးရေးလုပ်တဲ့ နိုင်ငံတွေကို သတိပေး

ဘယ်နိုင်ငံတွေကို သီးသန့် ပစ်မှတ်ထားမလဲ၊ အဲဒီဒဏ်ခတ်မှုတွေ ဘယ်အချိန်မှာ စတင်သက်ရောက်မလဲ ဆိုတာကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။

၂၅ ၊ ဩဂုတ်

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံအသီးသီးကို အီရန်နဲ့ စီးပွားရေး ပတ်သက်မှုတွေ ဖြတ်တောက်ဖို့၊ မဖြတ်ရင် အမေရိကန်ရဲ့ ဒုတိယအဆင့် ဒဏ်ခတ်အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဩဂုတ်လ ၂၄ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ ဒါကို အမေရိကန်ဘက်က စီးပွားရေးအရ D-Day တိုက်ပွဲ လို့ တင်စားပြောဆိုခဲ့ပေမဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူမှုတွေကို မစသေးပဲ ဆိုင်းငံ့ထားပါတယ်။

အီရန်နဲ့ စစ်ပွဲဟာ ၆ လနီးပါး ကြာမြင့်လာချိန်မှာပဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘန်ဆန့် က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အီရန်ရဲ့ ဘဏ္ဍာရေးကွန်ရက်တွေကို အမေရိကန်က “စီးပွားရေးအရ အပြင်းအထန် ထိုးစစ်ဆင်” တော့မယ်လို့ ပြောကြားခဲ့တာပါ။

ဒါပေမဲ့ ဘယ်နိုင်ငံတွေကို သီးသန့် ပစ်မှတ်ထားမလဲ၊ အဲဒီဒဏ်ခတ်မှုတွေ ဘယ်အချိန်မှာ စတင်သက်ရောက်မလဲ ဆိုတာကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။

ဘဏ္ဍာရေးဝန်ကြီးဌာနဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ သင်္ဘော အစရှိတဲ့ စာရင်း ၆၀ ကို ဒဏ်ခတ် အရေးယူကြောင်း ဖော်ပြခဲ့ပေမဲ့ အီရန်ရဲ့ ရေနံရောင်းဝယ်မှုကို ကူညီပေးနေတယ်လို့ သံသယရှိရတဲ့ တရုတ် ဘဏ်တွေတော့ အဲဒီစာရင်းမှာ မပါသေးပါဘူး။

“ကမ္ဘာ့ဘဏ္ဍာရေး စနစ်တခုလုံးကို ကျွန်တော် ဘာလို့ ဖျက်ဆီးပစ်ချင်ရမှာလဲ။ လူတွေကို အခြေအနေတစ်ခု စတင်ပြင်ဆင်ဖို့နဲ့ ပြုပြင်ဖို့ အချိန်ကာလတစ်ခု ပေးဖို့ လိုတယ်လို့ သေချာယုံကြည်ပါတယ်။ ဒါပေမဲ့ ဒါဟာ သိပ်မကြာခင် မြန်မြန်ဆန်ဆန် လှုပ်ရှားလာမှာဖြစ်ပြီး ကျွန်တော်တို့ အလေးအနက်ထား ဆောင်ရွက်နေတာကိုတော့ သူတို့ သိထားသင့်တယ်” လို့ ဘန်ဆန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်ဟာ နှစ်ပေါင်းများစွာ အီရန်ရဲ့ ရေနံကို အများဆုံး ဝယ်ယူနေတဲ့ နိုင်ငံဖြစ်ပြီး ဝါရှင်တန်ကလည်း တရုတ်ရဲ့ ရေနံဝယ်ယူမှုတွေကို ဟန့်တားဖို့ ကြိုးပမ်းမှုတွေ တိုးမြှင့်ခဲ့ပေမဲ့ အခုထိတော့ တရုတ်ဘဏ်တွေကို ဒဏ်ခတ်တာမျိုး မလုပ်သေးပါဘူး။

တရုတ်ဘဏ်တွေကို အရေးယူဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးတဲ့အခါ အမေရိကန်ရဲ့ ဒဏ်ခတ်မှု ကင်းလွတ်ခွင့်ရတဲ့ နိုင်ငံဆိုတာ မရှိဘူးလို့ သူကဆိုပြီး “အကယ်၍ သူတို့က အီရန်ရဲ့ ရေနံကနေ ပိုက်ဆံဖြစ်အောင်၊ အဲဒီကနေ ဖိနှိပ်ချုပ်ချယ်မှုတွေ ဖြစ်လာအောင် ကူညီပေးနေတဲ့ ကွန်ရက်ထဲမှာ ပါဝင်နေရင် ဒဏ်ခတ်ခံရမှာပဲ” လို့ ထပ်ပြောခဲ့ပါတယ်။

စက်တင်ဘာလကုန်မှာ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ ဝါရှင်တန်မှာ တွေ့ဆုံဖို့ ရှိနေတာကြောင့် တရုတ်ဘဏ်တွေကို ဒဏ်ခတ်လိုက်ရင် ပြီးခဲ့တဲ့ နိုဝင်ဘာလက သဘောတူထားတဲ့ တရုတ်ရဲ့ မြေရှားသတ္တု တင်ပို့မှု ဆက်လက်ရရှိရေးနဲ့ အမေရိကန် အခွန်တိုးမြှင့်မှုကို ကန့်သတ်ထားရေး သဘောတူညီချက် ပျက်ပြားသွားနိုင်ပါတယ်။

အမေရိကန်အနေနဲ့ အီရန်စီးပွားရေးရဲ့ ကဏ္ဍ ၅ ခုဖြစ်တဲ့ ဒီဂျစ်တယ်ပိုင်ဆိုင်မှု၊ ရွှေ၊ နည်းပညာ၊ လေကြောင်းလိုင်းနဲ့ သင်္ဘောပို့ဆောင်ရေးတို့မှာ ပါဝင်နေတဲ့ ကူးသန်းရောင်းဝယ်မှုတွေကို ဒုတိယအဆင့် ဒဏ်ခတ်မှုတွေ ပြုလုပ်နိုင်အောင် ချဲ့ထွင်လိုက်ပြီလို့ ဘန်ဆန့်က ပြောပါတယ်။

အမေရိကန်ဟာ အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုတွေကို ဆယ်စုနှစ်ချီ ပြုလုပ်ခဲ့တာဖြစ်ပြီး အများစုဟာ ရေနံဝင်ငွေ နည်းသွားအောင်၊ လက်နက် အစိတ်အပိုင်းတွေ မဝယ်နိုင်အောင်နဲ့ အီရန်စီးပွားရေးကို စိုးမိုးထားတဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိုက်ဆံ မရောက်အောင် တားဆီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Ref – Reuters

#အမေရိကန် #အီရန် #စီးပွားရေး #ပိတ်ဆို့အရေးယူ
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း