ပဲခူးမြို့က ဘုရားတွေမှာ ဆိုင်ကယ်အပ်ခ တိုးကောက်နေ

ရွှေမော်ဓော၊ ကျိုက်ပွန်၊ ရွှေသာလျောင်း ဘုရားတွေမှာ အခုလို ပိုက်ဆံပိုကောက်နေတာနဲ့ ပတ်သက်လို့ မြို့ခံပြည်သူတွေမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေသလို ကြပ်မတ်ပေးဖို့ တောင်းဆိုနေ​ကြတာ ရှိပါတယ်။

၂၄၊ဩဂုတ်

ရွှေမော်ဓောဘုရားအ ပါအဝင် သွားလာတဲ့သူများတဲ့ဘုရားတွေမှာ အပ်နှံခကန်ထရိုက်ယူထားသူတွေက ဆိုင်ကယ်အပ်ခကို နှစ်ဆ၊သုံးဆ ပိုကောက်နေပါတယ်။

ဆိုင်ကယ်အပ်ခကို သက်ဆိုင်တဲ့ဂေါပကအဖွဲ့တွေက တစီး ၅၀၀ ကျပ်ကောက်ဖို့ သတ်မှတ်ထားပေမယ့် မြေပြင်မှာ ၁,၀၀၀ ကျပ်ကနေ ၁,၅၀၀ ကျပ်ပေးရတာတွေ ကြုံလာရတယ်လို့ ပဲခူးမြို့ခံ လူငယ်တဦးက ဆိုပါတယ်။

“ပိုက်ဆံပေးရတာတောင် လွန်နေပြီ။ အခုက ပေးဖို့သတ်မှတ်ထားတာထက်ကို ပိုတောင်းနေတာ။ ပိုက်ဆံပါမှ ဘုရားဖူးရမယ့် သဘောဖြစ်နေတာ ရုပ်ပေါက်တယ် ” လို့ သူကပြောပါတယ်။

ရွှေမော်ဓော၊ ကျိုက်ပွန်၊ ရွှေသာလျောင်း ဘုရားတွေမှာ အခုလို ပိုက်ဆံပိုကောက်နေတာနဲ့ ပတ်သက်လို့ မြို့ခံပြည်သူတွေမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေသလို ကြပ်မတ်ပေးဖို့ တောင်းဆိုနေ​ကြတာ ရှိပါတယ်။

ဘုရားတွေမှာ ကန်ထရိုက်က ပိုက်ဆံပိုကောက်တာကို သက်သေအထောက်အထားနဲ့ သက်ဆိုင်တဲ့ ဂေါပကအဖွဲ့ဆီ တိုင်ကြားဖို့ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံး တာဝန်ရှိသူတဦးက အကြံပြုထားပါတယ်။

“သိရသလောက် တကယ်ပိုကောက်နေတယ်ဆိုရင် ဂေါပကရုံးက ပထမအကြိမ် သတိပေးတယ်၊ ဒုတိယအကြိမ်ဆို ဒါဏ်ရိုက်တယ်၊ တတိယအကြိမ်ဆို ကန်ထရိုက် ပေးထားတာကို ရုတ်သိမ်းတယ် ” လို့ ပြောပါတယ်။

အဲဒီလို ပိုက်ဆံပိုပေးရတာကို တိုင်ကြားဖို့အတွက် သက်သေရယူဖို့ ခက်သလို အရေး ယူတဲ့အပေါ် မယုံကြည်တာ၊ ဘုရားဖူးရင်း ပြဿနာမဖြစ်လိုတာတွေကြောင့် တိုင်ကြားတာ မလုပ်လိုပဲ ဝေဖန်သံတွေ နားထောင်ပြီး အလိုက်တသိ ထိန်းကြောင်းပေးဖို့ မြို့ခံတွေက ဆန္ဒရှိနေပါတယ်။

#ပဲခူး #ဘုရား #ဆိုက်ကယ်အပ်ခ #တိုးကောက်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်