
“ရေက အနံ့ထွက်တယ်၊ အညိုရောင်သန်းနေတာ ငါးရက်လောက် ရှိပြီ ။ စပါးရွက်တွေ ပုပ်တာ ။ အစောပိုင်း မြုပ်ထားတာ ကြာတဲ့ နေရာတွေဆို အောက်က စပါးပျော်သွားတာ ကြာတော့ နည်းနည်းတောင် ပျယ်သွားပြီး၊ ရေတက်နောက်ကျတဲ့ နေရာတွေ တော်တော်ပုပ်နေတာ”
၂၄၊ ဩဂုတ်။
ရေကြီးနေတဲ့ ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ်အတွင်းက ဒေသအများစုမှာ ရေအရောင်ပြောင်းပြီး အနံ့ဆိုးထွက် ကာ အဲဒီရေထဲ ဆင်းမိသူတွေဟာ ယားနာတွေ အဖြစ်များနေပါတယ်။
“ရေအရောင်တွေ ပြောင်းပြီးတော့ မနှစ်က မော်ကျွန်းဘက် ရေပုပ်သွားသလို ဖြစ်သွားတာ။ အဲဒီရဲ့ဇစ်မြစ်က ဓါတ်မြေဩဇာတွေကနေ လယ်ထဲကနေ ဆင်းတာတို့၊ ကောက်ရိုးတွေ ဆွေးသွားတာတို့၊ ရေရှည်ရက်ကြာတော့ ရေအရောင်းပြောင်းသွားတာ။ နောက်ပြီးတော့ ယားနာတွေပေါ့ ကျွန်တော်တို့အဖွဲ့ထဲမှာ Volunteer အဖွဲ့ထဲမှာကိုယ်က ယားနာပေါက်ပြီးတော့ အနာအပျင်လိုက် ဖြစ်သွားတဲ့လူတွေ ရှိတယ်။ ကျွန်တော်တို့လည်း ရေထဲ ဆင်းပြီး ပြန်တက် လာရင် တကိုယ်လုံးက ယားနေရာ၊ ဆေးတွေလိမ်းရတယ်” လို့ လေးမျက်နှာမှာ ရေဘေးကူညီပေးနေသူတဦးက ပြောပါတယ်။
အဲဒီလို ရေအရောင်ပြောင်းတာဟာ အိုင်သပြု၊ ခမောက်စု၊ လဟာပဝန်းကျင်တွေမှာ ဖြစ်နေတာဖြစ်ပြီး ဒေသခံရွာသားတွေမှာလည်း ယားနာပေါက်နေကြတယ်လို့ ဆိုပါတယ်။
“ဒီဘက်တပြင်လုံးက ရေက အဲလို ဖြစ်နေတာ။ ရွာသားတွေမှာလည်း ယားနာက တော်တော်များများဖြစ်တယ်။ ရေပုတ်ပြီဆိုတော့ မဖြစ်မနေ အရေပြားရောဂါကတော့ ဖြစ်မှာပဲ။ ရာခိုင်နှုန်းပြည့်ပဲ” အထက်ပါ ရေဘေးကူညီပေးနေ သူက ပြောပါတယ်။
လေးမျက်နှာမြို့အနီး ကျေးရွာတရွာက ဒေသခံတဦးကလည်း သူတို့ရွာပတ်ဝန်းကျင်မှာ အရေပြားယားနာတွေ မပေါက်ပေမယ့် ခြေထောက်တွေ သဲဝဲစားတာ အများစု ဖြစ်ကြတယ်လို့ ပြောပါတယ်။
“ရေက အနံ့ထွက်တယ်၊ အညိုရောင်သန်းနေတာ ငါးရက်လောက် ရှိပြီ ။ စပါးရွက်တွေ ပုတ်တာ ။ အစောပိုင်း မြုပ်ထားတာ ကြာတဲ့ နေရာတွေဆို အောက်က စပါးပျော်သွားတာ ကြာတော့ နည်းနည်းတောင် ပျယ်သွားပြီး၊ ရေတက်နောက်ကျတဲ့ နေရာတွေ တော်တော်ပုပ်နေတာ”လို့ ပြောပါတယ်။
အဲဒီလို ရေအရောင်းပြောင်းလို့ ယားနာပေါက်နေသူတွေကို စေတနာ့ဝန်ထမ်း ဆရာဝန်အဖွဲ့တွေကသာ လာရောက်ကုသပေးနေတယ်လို့ အိုင်သပြုဒေသခံက ပြောပါတယ်။
“ဆေးကုပေးတဲ့အဖွဲ့တွေရှိတယ်။ ရောက်တဲ့ ရွာတွေကတော့ အရေပြားနဲ့ပတ်သက်တဲ့ဆေးတွေ ပေးတယ်။ အရမ်း အကြာကြီးယားနာနေတာတော့ မဟုတ်ဘူး။ အခွံတွေဘာတွေ ကွာသွားရင် ပျောက်သွားတဲ့သဘောရှိတယ်” လို့ ဆိုပါတယ်။
စစ်အစိုးရလက်အောက်ခံ ကျန်းမာရေးဌာန ဆေးအဖွဲ့တွေကတော့ ကွင်းဆင်းကုသပေးတာမျိုး မရှိဘဲ ရေဘေး ရှောင်စခန်းအချို့မှာပဲ အထိုင်ချကုပေးနေတာရှိတယ်လို့ ဒေသခံတွေနဲ့ ကူညီရေးလုပ်နေသူတွေက ပြောကြပါ တယ်။
“ရေလွှမ်းမိုးမှု ဒေသတွေမှာတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တယ်။ နောက် ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေက တောသူတောင်သားတွေက ဆေးဝါးကုသမှု၊ စနစ်တကျကုသမှု အားနည်းတဲ့အတွက် ဒီ အစိုးရတရပ်အနေနဲ့ စောစောကပြောတဲ့ ပြန်လည်ထူထောင်ရေးထဲမှာ လိုအပ်သွားတာက ဒီကျန်းမာရေးစောင့် ရှောက်မှုတွေ အပြည့်အဝပေးဖို့လိုအပ်တယ်” လို့ ဟင်္သာတဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိန်သောင်းက ထောက်ပြပါတယ်။
ရေဘေးသင့်နေတဲ့ ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ်အတွင်းမှာ ယားနာအပြင် ဝမ်းပျော့ဝမ်းလျှောနဲ့ ဖျာနာသူ တွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။ လေးမျက်နှာမြို့နယ်ဟာ ငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့် ရေဘေးဒဏ် ပထမဆုံးကြုံခဲ့ရတဲ့မြို့နယ်တခုဖြစ်ပြီး ရေကြီးနေတာ ၂၅ ရက် ရှိသွားခဲ့ပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ လေးမျက်နှာအပြင် ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်၊ ဟင်္သာတမြို့နယ်တွေမှာပါ ရေကြီးနေပြီး ရေဘေးသင့်ပြည်သူ သောင်းချီရှိနေကာ ဆေးဝါး၊ ရိက္ခာခြောက်နဲ့ သောက်သုံးရေးတွေ အဓိကလိုအပ်နေတယ်လို့ မြေပြင်ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
#လေးမျက်နှာ #ရေပုပ် #ယားနာ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်