
“အလှူခံအဖွဲ့မှာ ပါမယ့်သူအရေအတွက်ကအစ။ တနေ့တာရတဲ့ အလှူခံငွေကိုတင်ပြရတယ်။ အလှူခံတာကို အပိုင်ရပ်ကွက်အုပ် ချုပ်ရေးကသူတွေ စောင့်ကြည့်တာမျိုးကြုံရတယ် ”
၂၄၊ဩဂုတ်
မြို့ပေါ်မှာ ရေဘေးအတွက် အလှူခံသူတွေအနေနဲ့ ရပ်ကွက်ရုံးကတဆင့် ခွင့်ပြုချက်ယူပြီးမှသာ အလှူခံကြဖို့ ညွှန်ကြားမှုတွေ ရန်ကုန်တိုင်းအတွင်းမှာ ရှိနေပါတယ်။
“အလှူခံငွေဘယ်လောက်ရလဲ၊ ဘယ်မှာလှူမှာလဲကနေ အလှူခံဦးဆောင်သူတွေကို လှူပြီးတဲ့မှတ်တမ်း၊ စာရင်းပါရှင်းခိုင်းထားတယ်။ မဟုတ်ရင် လိမ်တဲ့သူတွေထိန်းနိူင်မှာမဟုတ်ဘူး ” လို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အုပ်ချုပ်ရေးမှူး တဦးက ပြောပါတယ်။ အလှူခံသူတွေထဲမှာ မသမာမှုတွေ မရှိအောင် အခုလို စီစဉ်ရတာလို့လည်း သူက ပြောပါတယ်။
လက်တလောမှာ ရခိုင် ၊ အညာ နဲ့ ဧရာဝတီဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ရှိနေပြီး ရန်ကုန်တိုင်းနဲ့ အနီးဆုံးဖြစ်တဲ့ ဧရာဝတီတိုင်း ရေဘေးအတွက် အလှူခံအဖွဲ့တွေဟာ ရန်ကုန်မြို့ပေါ်မှာ အစုအဖွဲ့အလိုက် ပုံစံမျိုးစုံနဲ့ အလှူငွေ လိုက်လံကောက်ခံနေကြရတာပါ။
အခုလို အုပ်ချုပ်ရေးပိုင်းက စည်းကမ်းတင်းကျပ်တာတွေ အပြင် အနီးကပ်စောင့်ကြည့်တာမျိုးတွေလည်း ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။
“အလှူခံအဖွဲ့မှာ ပါမယ့်သူအရေအတွက်ကအစ။ တနေ့တာရတဲ့ အလှူခံငွေကိုတင်ပြရတယ်။ အလှူခံတာကို အပိုင်ရပ်ကွက်အုပ် ချုပ်ရေးကသူတွေ စောင့်ကြည့်တာမျိုးကြုံရတယ် ” လို့ သင်္ဃန်းကျွန်းမြို့နယ်က ရေ ဘေးအတွက်အလှူခံနေတဲ့ အဖွဲ့ဦးဆောင်သူတဦးက ပြောပါတယ်။အလှူခံမယ့် အစုအဖွဲ့ အနေနဲ့ သက်ဆိုင်တဲ့ မြို့နယ်အုပ်ချုပ်ရေး အဆင့်ရဲ့ ခွင့်ပြုချက် ယူရတာအပြင် အသေးစိတ် အချက်အလက်တွေ ပေးပို့ကြရတယ် လို့လည်း ဆိုပါတယ်။
အဲဒီလို ရေဘေးအတွက် အလှူခံတာတွေကို တင်းကြပ်ထားပေမယ့် ခွင့်ပြုချက် တစုံတရာ ယူထားတာမရှိပဲ ရေဘေးအတွက်ဆိုကာ ဘတ်စ်ကားပေါ် အလှူခံတာ၊ လူနည်းစု လှည့်လည်ပြီး အလှူခံနေကြတဲ့ သံသယဖြစ်စရာ အလှူခံတာတွေလည်း မြင်တွေ့ရတယ်လို့ ရန်ကုန်မြို့ခံ ပြည်သူတွေက ပြောပါတယ်။
#ရန်ကုန် #အလှူခံ #ရေဘေး #စည်းကမ်းတင်းကျပ်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်