
“ အဓိက သူက လူလွတ်ဖြစ်တယ်။ သူ့ရဲ့ဝမ်းကွဲတွေ ဆွေမျိုးတွေ ဒီမှာရှိတယ်ဆိုပေမယ့် သူ့ရဲ့မိသားစုဝင် အရင်းဖြစ်ဖို့လိုသလို လူလွတ်ဖြစ်တာကြောင့် မိဘတွေကိုယ်တိုင် လာထုတ်ဖို့လိုနေတာ။
၁၁၊ မေလ။
ထိုင်းနိုင်ငံက လုပ်ငန်းခွင်တခုမှာ ဓာတ်လိုက်သေဆုံးခဲ့ရတဲ့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ဂရက်ကျော်ကျေးရွာက ကိုအောင်သူရရဲ့ နစ်နာကြေးငွေထုတ်ယူနိုင်ဖို့အတွက် မိဘတွေလာရောက်ဖို့ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်က ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်၊ ဝပ်ခွတ်ခမ်မှာရှိတဲ့ ရေပိုက်ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွေ့ပြောင်းလုပ်သားဖြစ်သူ ကိုအောင်သူရ (အသက် ၃၁)ဟာ လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
ဒီသေဆုံးမှုနဲ့ပတ်သက်လို့ အလုပ်ရှင်ဘက်က ဘတ်လေးသောင်း စေတနာကြေးပေးဖို့ရှိပြီး ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေအရ ပကန်စခွန်လို့ခေါ်တဲ့ လူမှုဖူလုံရေးအာမခံကနေလည်း သေဆုံးမှု နစ်နာကြေးရရှိဖို့ ရှိနေပေမယ့် မြန်မာနိုင်ငံမှာကျန်ရှိနေတဲ့ မိဘဖြစ်သူတွေ လာရောက်နိုင်မှသာ ဒီငွေကြေးတွေကို ထုတ်ယူလို့ရနိုင်မှာ ဖြစ်ပါတယ်။
“ အဓိက သူက လူလွတ်ဖြစ်တယ်။ သူ့ရဲ့ဝမ်းကွဲတွေ ဆွေမျိုးတွေ ဒီမှာရှိတယ်ဆိုပေမယ့် သူ့ရဲ့မိသားစုဝင် အရင်းဖြစ်ဖို့လိုသလို လူလွတ်ဖြစ်တာကြောင့် မိဘတွေကိုယ်တိုင် လာထုတ်ဖို့လိုနေတာ။ ကျွန်တော်တို့ အဆက်သွယ်ရထားတယ်။ လောလောဆယ်တော့ မိဘတွေအနေနဲ့ ဒီကိုတက်လာဖို့(ထိုင်းကိုလာဖို့) ငွေကြေးမတတ်နိုင်ဘူးဖြစ်နေတယ်။ ရှာဖွေနေရတုန်းပေါ့ ” လို့ ဒီသေဆုံးမှုနဲ့ပတ်သက်လို့ ကူညီပေးနေတဲ့ Worker Alliance Group (WAG)က ကိုမုန်တိုင်းက ရှင်းပြပါတယ်။
ဒီလူမှုဖူလုံရေးကြေးဟာ အမှုခင်းဖြစ်ပွားပြီး ၂ နှစ်အတွင်း လာရောက်ထုတ်ယူဖို့လိုအပ်သလို အမှုဖွင့်ပြီး တောင်းယူရမယ့် လုပ်ငန်းစဉ်တွေရှိနေတာကြောင့် မိဘတွေ ရောက်လာလာခြင်းမှာ ချက်ချင်းရရှိနိုင်ဖို့ ခက်တာကြောင့် ကြိုတင်ကုန်ကျမယ့်ငွေတွေ အတွက်ပါ အခက်အခဲရှိနိုင်တယ်လို့ ထိုင်းရောက် မြန်မာရွေ့ပြောင်း အလုပ်သမားရေး လှုပ်ရှားကြသူတွေက ဆိုပါတယ်။
မကြာသေးခင်ကလည်း ထိုင်းနိုင်ငံ လယောင်မြို့၊ ဘန်ချန်မှာရှိတဲ့ အဟောင်းပစ္စည်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွေ့ပြောင်း အမျိုးသမီး အလုပ်သမားတဦး လုပ်ငန်းခွင်မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပြီး မိဘတွေ မလာရောက်နိုင်တာကြောင့် အမှုဆက်မလုပ်နိုင်ပဲဖြစ်နေရတဲ့ အခြေအနေ တခုလည်းရှိနေပါသေးတယ်။
“အများစုက နိုင်ငံရေးကြောင့်လာလို့မရတာတွေရှိတယ်။ တချို့က ငွေကြေးမတတ်နိုင်လို့ပေါ့။ တချို့ကျ မိသားစုကို ဆက်သွယ်လို့မရ ရှာလို့မရတာလည်းရှိတယ်။ ကျွန်တော်ကတော့ ငွေကြေးမတတ်နိုင်လို့ မလာဘူးဆိုတာမျိုး မဖြစ်စေချင်ဘူး။ သူတို့မိသားစုဝင်တယောက်ရဲ့ အသက်ဆုံးရှုံးထားရတာမို့ ကြိုးစားပြီးးလာစေချင်တယ်။ လာကြဖို့ပြောချင်တယ် ” လို့ ကိုမုန်တိုင်းက ပြောပါတယ်။
ကိုအောင်သူရရဲ့ ရုပ်အလောင်းကို မေ ၇ ရက်နေ့ကတည်းက သင်္ဂြိုလ်လိုက်ပြီဖြစ်ပြီး နာရေးဆိုင်ရာ ဆောင်ရွက်စရာတွေကိုတော့ ထိုင်းနိုင်ငံမှာရှိနေတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေက လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။