ရေနံတင်ပို့ရာမှာ တရုတ်ကို ကူညီပေးနေတယ်ဆိုတဲ့ ကုမ္ပဏီကိုးခုနဲ့ လူပုဂ္ဂိုလ်တချို့ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

 

အရေးယူမှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မကြာခင် တွေ့ဆုံဖို့ရှိနေတဲ့ အချိန်မှာ ထွက်ပေါ်လာတာပါ။

 

၁၂၊ မေ။

 

အီရန်နိုင်ငံကနေ တရုတ်နိုင်ငံကို ရေနံတွေ တင်ပို့ရောင်းချရာမှာ ကူညီပေးနေတဲ့အတွက် လူပုဂ္ဂိုလ် သုံး ဦးနဲ့ ကုမ္ပဏီ ကိုးခုကို အမေရိကန်အစိုးရက တနင်္လာနေ့မှာ ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။

 

အဆိုပါ ကုမ္ပဏီတွေထဲမှာ ဟောင်ကောင်အခြေစိုက် လေးခု၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အခြေစိုက် လေးခုနဲ့ အိုမန်အခြေစိုက် ကုမ္ပဏီ တခုတို့ ပါဝင်နေပါတယ်။

 

အခုလို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အရေးယူမှုဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက အီရန်ရဲ့ ဒရုန်းတွေနဲ့ တာဝေးပစ်ဒုံးကျည်တွေ ထုတ်လုပ်ရာမှာသုံးတဲ့ လက်နက်ပစ္စည်းတွေ ဝယ်ယူမှုကို ကူညီပေးခဲ့တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီးတဲ့နောက် ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

အရေးယူမှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မကြာခင် တွေ့ဆုံဖို့ရှိနေတဲ့ အချိန်မှာ ထွက်ပေါ်လာတာပါ။

 

အဆိုပါ တွေ့ဆုံပွဲမှာ ထရမ့်အနေနဲ့ အီရန်နဲ့ ဖြစ်နေတဲ့ တင်းမာမှုတွေကို ဖြေရှင်းပေးဖို့နဲ့ အချက်အချာကျတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ တရုတ်ခေါင်းဆောင်ကို တိုက်တွန်းလိမ့်မယ်လို့ ယူဆရပါတယ်။

 

အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကနေ တရုတ်နိုင်ငံဆီ ရေနံတွေ ခွဲတမ်းချ ရောင်းချရာမှာ ကုမ္ပဏီအတုအယောင်တွေ သုံးပြီး ကူညီပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး အခုလို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းသွင်းလိုက်တာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ကပြောပါတယ်။

 

ထရမ့်အစိုးရအနေနဲ့ အီရန်အစိုးရနဲ့ စစ်တပ်က လက်နက်တွေ၊ နျူကလီးယား စီမံကိန်းတွေနဲ့ ဒေသတွင်းက သူတို့ရဲ့ လက်ဝေခံအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေ မရနိုင်အောင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်ပြီး သုံးသွားမှာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးစကော့ ဘတ်ဆန့်က ဆိုပါတယ်။

 

“အီရန်အစိုးရက အကြမ်းဖက်မှုတွေ လုပ်ဖို့နဲ့ ကမ္ဘာ့စီးပွားရေးကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ သုံးနေတဲ့ ငွေကြေးကွန်ရက်တွေကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်ပြီး ဖြတ်တောက်သွားမှာပါ” လို့ ဘတ်ဆန့်က ပြောပါတယ်။

 

ဒါ့အပြင် အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ IRGC ရဲ့ ငွေကြေးလည်ပတ်မှု ယန္တရားတွေကိုဖျက်ဆီးနိုင်မယ့် သတင်းအချက်အလက်ပေးရင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ပေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

 

IRGC ဟာ သူတို့ရဲ့ ရေနံတင်ပို့မှုတွေအတွက် ငွေပေးချေမှုတွေ လုပ်နိုင်ဖို့ ကုမ္ပဏီအတုအယောင်တွေကို အားကိုးနေရတာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

အခု တနင်္လာနေ့ရဲ့ အရေးယူမှုဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတုန်းက တူရကီအခြေစိုက် Golden Globe ကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာအပေါ် အခြေခံပြီး ဆက်လုပ်တာပါ။

 

အဆိုပါ တူရကီကုမ္ပဏီဟာ နှစ်စဉ် IRGC ရဲ့ ရေနံရောင်းချမှုကနေ ဒေါ်လာသန်းပေါင်း ရာနဲ့ချီပြီး ကိုင်တွယ်ပေးနေတာ ဖြစ်ပါတယ်။

 

အခု ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ လူပုဂ္ဂိုလ် သုံးဦးကတော့ IRGC ရဲ့ Shahid Purja’fari ရေနံဌာနချုပ်မှာ အလုပ်လုပ်နေသူတွေဖြစ်ပြီးGolden Globe ကုမ္ပဏီကတဆင့် ငွေပေးချေမှုတွေကို ပေါင်းစပ်ညှိနှိုင်းပေးနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref – Reuters