
၃ရက်ကြာ ဘေဂျင်းခရီးစဉ်အတွင်း ထရမ့်ဟာ ရှီကျင့်ဖျင်နဲ့ စစ်ပွဲအကြောင်း ဆွေးနွေးမှာဖြစ်ပြီး အီရန်ကို နားချပေးဖို့ တရုတ်ကို တိုက်တွန်းလိမ့်မယ်လို့လည်း အများကမျှော်လင့်ထားကြပါတယ်။
၁၃၊ မေ။
အီရန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ တရုတ်ရဲ့ အကူအညီ လိုမယ်လို့ မထင်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီကနေ့ မေလ ၁၃ရက်နေ့မှာ ပြောလိုက်ပါတယ်။
ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ မျှော်လင့်ချက်တွေ နည်းပါးလာပြီး တီဟီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားကို ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာချိန်မှာ ထရမ့်က အခုလို ပြောလိုက်တာပါ။
ဘေကျင်းမှာလုပ်မယ့် အရေးကြီးတဲ့ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ ထရမ့်က အခုလို မှတ်ချက်ပေးတာလည်း ဖြစ်ပါတယ်။
စစ်ပွဲကြောင့် ကမ္ဘာ့ရေနံ ထောက်ပံ့မှု ငါးပုံတပုံလောက် စီးဆင်းနေတဲ့ ပင်လယ်ရေကြောင်း သွားလာမှုတွေဟာလည်း ဆက်ပြီး ပိတ်ဆို့နေပါတယ်။
“အီရန်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့အကူအညီမှ မလိုဘူးလို့ ကျွန်တော် ထင်ပါတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြစ်ဖြစ်၊ တခြားနည်းနဲ့ ဖြစ်ဖြစ် တနည်းမဟုတ် တနည်းနဲ့ ကျွန်တော်တို့ အနိုင်ရမှာပါ”လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ခိုင်မာမှုမရှိတဲ့ အပစ်အခတ်ရပ်စဲရေး စတင်ခဲ့တာ တလကျော်သွားပေမဲ့ နှစ်ဘက်စလုံးဟာ ရန်လိုမှုတွေကို အဆုံးသတ်ဖို့ သဘောတူညီချက်ရအောင် ဘာမှ မလုပ်နိုင်သေးပါဘူး။
တဘက်မှာလည်း အီရန်ဟာ ဟော်မုဇ် ရေလက်ကြားအပေါ် သူ့ရဲ့ ထိန်းချုပ်မှုကို ပိုခိုင်မာအောင် လုပ်နေပုံရပါတယ်။
အဆိုပါ ဒေသမှာသွားလာနေတဲ့ သင်္ဘောတွေဆီကနေ ဘယ်နိုင်ငံကမှ အခွန်အခ မကောက်ခံသင့်ဘူး ဆိုတာကို အမေရိကန်နဲ့ တရုတ် အဆင့်မြင့်အရာရှိတွေဟာ ပြီးခဲ့တဲ့လကသဘောတူခဲ့ကြတယ်လို့ ထရမ့်အစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။
အီရန်နဲ့ဆက်ဆံရေးရှိနေပြီး အီရန်ဆီကနေ ရေနံ အဓိကဝယ်ယူနေတဲ့ တရုတ်ကတော့ အဆိုပါ အချက်အပေါ် ငြင်းဆိုတာမျိုး မရှိပါဘူး။
၃ရက်ကြာ ဘေဂျင်းခရီးစဉ်အတွင်း ထရမ့်ဟာ ရှီကျင့်ဖျင်နဲ့ စစ်ပွဲအကြောင်း ဆွေးနွေးမှာဖြစ်ပြီး အီရန်ကို နားချပေးဖို့ တရုတ်ကို တိုက်တွန်းလိမ့်မယ်လို့လည်း အများကမျှော်လင့်ထားကြပါတယ်။
အမေရိကန်ဘက်က တောင်းဆိုချက်တွေထဲမှာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ဖို့နဲ့ ရေလက်ကြားကို ပိတ်ဆို့ထားတာတွေ ဖယ်ရှားပေးဖို့ ပါဝင်ပါတယ်။
အီရန်ဘက်ကလည်း စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့၊ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့နဲ့ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးက အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာတွေကို တိုက်ခိုက်နေတဲ့ လက်ဘနွန်အပါအဝင် မျက်နှာစာအားလုံးမှာ စစ်ပွဲကို အဆုံးသတ်ဖို့ ဆိုတဲ့ တောင်းဆိုချက်တွေနဲ့ ပြန်လည် တုံ့ပြန်ထားပါတယ်။
ထရမ့်ကတော့ အဆိုပါ တောင်းဆိုချက်တွေကို အမှိုက်တွေပဲလို့ တနင်္လာနေ့က ပယ်ချခဲ့ပါတယ်။
စစ်ပွဲစရိတ်တွေ တက်လာနေပေမဲ့ အမေရိကန် ပြည်သူတွေရဲ့ ငွေရေးကြေးရေး အခက်အခဲတွေဟာ အီရန်စစ်ပွဲနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ဘာသက်ရောက်မှုမှ မရှိဘူးလို့ ထရမ့်က ပြောပါတယ်။
အမေရိကန်ရဲ့ စားသုံးသူ ကုန်စျေးနှုန်း ဖောင်းပွမှုဟာ ဧပြီလမှာ မြန်မြန်ဆန်ဆန် တက်လာခဲ့ပြီး သုံးနှစ်အတွင်းအမြင့်ဆုံး ဖြစ်တယ်လို့ အလုပ်သမားဌာနက ထုတ်ပြန်ပါတယ်။
အစားအသောက် စျေးနှုန်းတွေ မြင့်တက်လာသလို အိမ်ငှားခနဲ့ လေယာဉ်လက်မှတ်ခတွေလည်း တက်လာတယ်လို့အချက်အလက်တွေက ဖော်ပြနေပါတယ်။
အမေရိကန် ပြည်သူတွေရဲ့ စီးပွားရေး ကျပ်တည်းမှုက သဘောတူညီချက်တခုရအောင် ဘယ်လောက်အထိ တွန်းအားပေးနေသလဲလို့ သတင်းထောက်တဦးက မေးတဲ့အခါ ထရမ့်က နည်းနည်းလေးတောင် မရှိဘူးလို့ ပြန်ဖြေပါတယ်။
“အီရန်အကြောင်း ပြောတဲ့အခါ အရေးကြီးဆုံးက သူတို့ နျူကလီးယားလက်နက် မပိုင်ဆိုင်ဖို့ပဲ။ အမေရိကန်တွေရဲ့ငွေရေးကြေးရေး အခြေအနေကို ကျွန်တော် မစဉ်းစားဘူး။ ဘယ်သူ့ကိုမှ မစဉ်းစားဘူး။ ကျွန်တော် စဉ်းစားတာ တခုပဲ ရှိတယ်။ အဲဒါက အီရန်ကို နျူကလီးယားလက်နက် မရစေရဘူး ဆိုတာပဲ။ ဒါဟာ ကျွန်တော့်ကို တွန်းအားပေးနေတဲ့ တခုတည်းသော အရာပဲ” လို့ တရုတ်နိုင်ငံကို မသွားခင် အိမ်ဖြူတော်မှာ ထရမ့်က ပြောခဲ့တာပါ။
နိုဝင်ဘာလမှာလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် စားဝတ်နေရေး စရိတ်စကတွေဟာ မဲဆန္ဒရှင်တွေအတွက် အဓိကပြဿနာ ဖြစ်နေတာကြောင့် အခုပြောကြားချက်ဟာ ဝေဖန်သူတွေရဲ့ စောင့်ကြည့်မှုကို ခံရဖို့ ရှိနေပါတယ်။
အခုလို အခြေအနေ တင်းမာနေပြီး ဟော်မုဇ် ရေလက်ကြားကို အဓိက ပိတ်ထားရတာကြောင့် ဘရန့် ရေနံစိမ်းစျေးဟာ တဘာရယ်ကို ၁၀၇ ဒေါ်လာအထက်အထိ ဆက်ပြီး တက်လာခဲ့ပါတယ်။
Ref – Reuters