
၄၊ မေလ။
ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေထဲကို ဒီလ ၁၃ ရက်နဲ့ ၁၇ ရက်ကြားမှာ အနောက်တောင် မုတ်သုန်လေ ဝင်ရောက်လာဖို့ရှိပြီး မိုးရွာသွန်းမှုတွေ စိတ်လာဖိုရှိတယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
ပုံမှန်ရာသီဥတု ဖြစ်စဉ်တွေအရ ဒီအချိန်ဟာ မုတ်သုန်ဝင်ရောက်လေ့ ရှိချိန်ဖြစ်ပြီး မိုးရာသီ သီးနှံတွေစတင် စိုက်ပျိုးကြချိန်လည်း ဖြစ်ပါတယ်။
“မိုးကျချိန်မှာ မိုးရွာတာတော့ နည်းနေဦးမယ်၊ သတိထားကြရမှာက လေပြင်းမယ်၊ မိုးကြိုးတွေ ပစ်မယ်။ အဲ့ဒီအန္တရာယ်တွေတော့ ရှိတယ်၊ အချိန်နဲ့တပြေးညီ တင်ပြပေးမဲ့ “nowcasting” ရေဒါခန့်မှန်းချက်တွေကို တင်ပေးနေမှာမို့ သတိထားပြီး မပြတ်နားစွင့်နေကြရပါမယ် ” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာတော့ မိုးသက်လေထုဆိုင်ရာ ပြောင်းလဲမှုတချို့ ရှိလာနေပြီဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံတောင်ပိုင်းကို အနောက်တောင် မုတ်သုန်လေ ဝင်ရောက်လာနိုင်ဖို့ တွန်းအား တခုဖြစ်စေတယ်လို့လည်း သူကပြောပါတယ်။
လက်ရှိမှာတော့ ဧရာဝတီတိုင်းက မိုးစပါးစိုက်ပျိုးကြဖို့ ဆုံးဖြတ်ထားကြတဲ့ လယ်သမားတွေကတော့ မြေလှန်၊ မြက်သတ်ဆိုတဲ့ ထွန်ရေးပြင်တဲ့ လုပ်ငန်းတွေကို စလုပ်နေကြပြီဖြစ်ပါတယ်။
“ဒီရက်တွေမှာ မုတ်သုန်ဝင်မယ်ဆိုရင်တော့ မိုးစပါးအတွက် အဆင်ပြေတာပေါ့။ ဒါက သူ့ပုံမှန်ချိန်ပဲလေ။ ကျွန်တော်တို့က ထိုင်းမှာ မိုးခေါင်မယ် သတင်းကြားတော့ ဒီမှာလည်း မိုးခေါင်မလား စိတ်ပူနေတာ ” လို့ ဇလွန်မြို့နယ်က လယ်သမား တဦးဖြစ်သူ ဦးတိုးကြီးက ဆိုပါတယ်။
“အခုက လယ်လှပ်မယ့်သူတွေ များနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က စပါးသိမ်းတဲ့အခါ ကောက်သင်း မကောက်ဖြစ်တာ၊ ကောက်သင်းကျန်တာတွေကနေ မိုးရလာရင် ပြန်ပေါက်လာတာမျိုး ရှိနိုင်တယ်။ ဒါဆိုရင် သူက စပါးပင်ရှိနေတာမို့ လယ်လှပ်ရာ မကျတော့ဘူးပေါ့။ ဒါကြောင့် ဒီလထဲမှာ မိုးရွာမယ် မုတ်သုန်ဝင်မယ်ဆိုတာက သတင်းကောင်းပါပဲ ” လို့ ရှင်းပြပါတယ်။
ဧရာဝတီတိုင်းက လယ်သမားတွေဟာ နှစ်စဉ်အရှုံးဆက်နေတဲ့အပြင် စက်သုံးဆီဈေးကြောင့် ထွန်ယက်၊ မြေပြင် ကိစ္စတွေအတွက်ကိုပါ မလုပ်နိုင်တော့တာကြောင့် ဒီနှစ်မိုးစပါးကို စိုက်ပျိုးနိုင်သူ နည်းနိုင်တယ်လို့ တောင်သူလယ်သမားအရေး ဆောင်ရွက်ကြသူတွေက ခန့်မှန်းထားကြပါတယ်။