အီရန်စစ်ပွဲကြောင့် ထိခိုက်မှုတွေရှိနေတဲ့ ပစိဖိတ်ဒေသနိုင်ငံတွေကို အာရှဖွံ့ဖြိုးရေးဘဏ် ကူညီမယ်

ပစိဖိတ်ဒေသတွင်း နိုင်ငံတွေဟာ ပဋိပက္ခရဲ့ဒဏ်ကို အတော်လေးခံနေရတာကြောင့် သူတို့ရဲ့ စွမ်းအင်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

၄၊ မေ။

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ အဆိုပါ ဒေသကနေတဆင့် ဖြစ်ပေါ်လာတဲ့ လောင်စာဆီ ပြတ်လပ်မှုတွေကြောင့်အထိနာနေတဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေကို အရေးပေါ်အကူအညီတွေပေးဖို့ အသင့်ရှိနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB) က မေလ ၃ ရက်၊ တနင်္ဂနွေနေ့ မှာ ပြောကြားလိုက်ပါတယ်။

ဥဇဘက်ကစ္စတန်နိုင်ငံ ရှေးဟောင်းမြို့ဖြစ်တဲ့ ဆာမာကန်မှာ ကျင်းပတဲ့ (၅၉) ကြိမ်မြောက် ADB ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ဘဏ်ဥက္ကဋ္ဌ မာဆာတိုကန်ဒါက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ပစိဖိတ်ဒေသတွင်း နိုင်ငံတွေဟာ ပဋိပက္ခရဲ့ဒဏ်ကို အတော်လေးခံနေရတာကြောင့် သူတို့ရဲ့ စွမ်းအင်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“အခုလို လက်ငင်းကူညီပေးရုံတင်မကဘဲ နောက်နောင်မှာလည်း ပြင်ပကလာတဲ့ ရိုက်ခတ်မှုဒဏ်တွေကို ခံနိုင်ရည်ရှိအောင်စွမ်းအင်အရင်းအမြစ်တွေကို နည်းလမ်းအစုံနဲ့ ပြောင်းလဲအသုံးပြုနိုင်ဖို့ ပစိဖိတ်နိုင်ငံတွေကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်”လို့သူက ပြောပါတယ်။

အဲဒီနေ့ အစောပိုင်းမှာပဲ အာရှ-ပစိဖိတ်ဒေသတလွှားမှာ စွမ်းအင်နဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတွေကို ၂၀၃၅ ခုနှစ်မတိုင်ခင် တိုးချဲ့တည်ဆောက်သွားဖို့ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံတန်ဖိုးရှိတဲ့ စီမံကိန်းတခုကိုလည်း ဘဏ်က ချပြခဲ့ပါတယ်။

ဘဏ်ရဲ့ နောက်ဆုံးတွက်ချက်မှုတွေအရ ပစိဖိတ်ဒေသရဲ့ စီးပွားရေးတိုးတက်မှုဟာ ပြီးခဲ့တဲ့နှစ်က ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၆ ခုနှစ်မှာတော့ ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားလိမ့်မယ်လို့ ကန်ဒါက ပြောကြားပါတယ်။

 

Ref – Reuters