
ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ များသောအားဖြင့် ပတ်ဝန်းကျင်ကနေတဆင့် ထိတွေ့မိရာက ဖြစ်တတ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။ ဒါဟာ ပိုးရှိတဲ့ ကြွက်တွေရဲ့ ဆီး ဒါမှမဟုတ် မစင်တွေနဲ့ ထိတွေ့မိတာ ပါဝင်ပါတယ်။
၄၊ မေ။
အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ခရီးနှင်နေတဲ့ အပျော်စီးသင်္ဘောတစင်းပေါ်မှာ သံသယဖြစ်ဖွယ် ဟန်တာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် လူသုံးဦး သေဆုံးသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိပေးပါတယ်။
ပိုးတွေ့ရှိကြောင်း အတည်ပြုနိုင်သူ တတဦးနဲ့ သံသယရှိသူ ငါးဦးရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အသက် ၆၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတဦးကတော့ အခုအချိန်မှာ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စဘတ်မြို့က အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေရပါတယ်။
ဟန်တာဗိုင်းရပ်စ်ဟာ များသောအားဖြင့် ကြွက်တွေရဲ့ ဆီး ဒါမှမဟုတ် မစင်ကနေတဆင့် လူတွေကို ကူးစက်တာဖြစ်ပါတယ်။
အဆိုပါပိုးက ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ လူတဦးကနေ တဦးကို ကူးစက်တာမျိုးကတော့ အလွန်ခဲယဉ်းပါတယ်။
ဗြိတိန်နိုင်ငံခြားရေးရုံးကတော့ အဆိုပါ သတင်းအစီရင်ခံစာတွေကို စောင့်ကြည့်နေပြီး ဗြိတိန်နိုင်ငံသားတွေကို ကူညီထောက်ပံ့ပေးဖို့ အသင့်ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ရောဂါကူးစက်မှုဟာ အာဂျင်တီးနားကနေ ကိတ်ဗာဒီကျွန်းစုနိုင်ငံဆီ ဦးတည်ခရီးနှင်နေတဲ့ MV Hondius သင်္ဘောပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ MV Hondius သင်္ဘောကို Oceanwide Expeditions ဆိုတဲ့ ခရီးသွားကုမ္ပဏီက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကုမ္ပဏီဝက်ဘ်ဆိုက်က ခရီးစဉ်ဇယားအရ MV Hondius သင်္ဘောဟာ မတ်လ ၂၀ ရက်နေ့မှာ အာဂျင်တီးနားတောင်ပိုင်း၊ အူရှူအာအီယာမြို့ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး မေလ ၄ ရက်နေ့မှာ ကိတ်ဗာဒီကို ရောက်ရှိကာ ခရီးစဉ်အဆုံးသတ်မှာ ဖြစ်ပါတယ်။
အဆိုပါ သင်္ဘောဟာ အလျား ၁၀၇ ဒသမ ၆ မီတာ (၃၅၃ ပေ) ရှိတဲ့ ဝါရိုးစွန်းဒေသသွား အပျော်စီးသင်္ဘောအမျိုးအစားဖြစ်ပြီးအခန်းပေါင်း ၈၀ မှာ ခရီးသည် ၁၇၀ ဆံ့ပါတယ်။ သင်္ဘောပေါ်မှာ သင်္ဘောသား ၅၇ ဦး၊ လမ်းပြ ၁၃ ဦးနဲ့ ဆရာဝန်တဦးလည်းပါဝင်ပါတယ်။
တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖော်စတာမိုဟာလီက သင်္ဘောပေါ်မှာ နိုင်ငံအသီးသီးက ကမ္ဘာလှည့်ခရီးသည် ၁၅၀ ခန့် ပါဝင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
လူသုံးဦးသေဆုံးကြောင်း WHO က အတည်မပြုခင်မှာ မိုဟာလီက အနည်းဆုံး လူ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။
အသက် ၇၀ အရွယ် အမျိုးသားနဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတို့ဟာ ဒတ်ချ်လူမျိုး ဇနီးမောင်နှံတွေ ဖြစ်ကြတယ်လို့ သူကဆိုပါတယ်။
အဆိုပါ အမျိုးသားဟာ ရုတ်တရက်ဖျားတာ၊ ခေါင်းကိုက်တာ၊ ဗိုက်နာတာနဲ့ ဝမ်းလျှောတာတွေ ဖြစ်ခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူက ပြောပါတယ်။
သူဟာ အတ္တလန္တိတ်တောင်ပိုင်းက ဗြိတိန်ပိုင်နက်ဖြစ်တဲ့ စိန့်ဟယ်လီနာကျွန်းကို ရောက်ရှိချိန်မှာ သေဆုံးသွားခဲ့ပါတယ်။
အဲဒီအမျိုးသမီးလည်း သင်္ဘောပေါ်မှာတင် ဖျားနာခဲ့လို့ တောင်အာဖရိကကို အရေးပေါ်ပို့ဆောင်ခဲ့ရပေမဲ့ ဂျိုဟန်နက်စဘတ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
တတိယမြောက် သေဆုံးသူကတော့ သင်္ဘောပေါ်မှာပဲ ရှိနေသေးတယ်လို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး AFP သတင်းဌာနက ဖော်ပြပါတယ်။
အမည်မဖော်လိုတဲ့ အဆိုပါ သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ ဖျားနာနေတဲ့ တခြားခရီးသည် နှစ်ဦးကို ကိတ်ဗာဒီက ဆေးရုံမှာ သီးခြားခွဲထားပြီး ကုသမှုပေးသင့်၊ မပေးသင့်ကို ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ သင်္ဘောဟာ စပိန်နိုင်ငံပိုင် ကနေရီကျွန်းစုဆီကို ဆက်လက်ထွက်ခွာမယ်လို့ သတင်းတွေက ဆိုပါတယ်။
ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ များသောအားဖြင့် ပတ်ဝန်းကျင်ကနေတဆင့် ထိတွေ့မိရာက ဖြစ်တတ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။ ဒါဟာ ပိုးရှိတဲ့ ကြွက်တွေရဲ့ ဆီး ဒါမှမဟုတ် မစင်တွေနဲ့ ထိတွေ့မိတာ ပါဝင်ပါတယ်။
ရှားရှားပါးပါး အခြေအနေတွေမှာတော့ ဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေတဦးကို ကူးစက်နိုင်ပြီး ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်စေနိုင်တယ်လို့ WHO က ပြောပါတယ်။
Ref – BBC