ဟနွိုင်းမှာ ဗီယက်နမ်ထိပ်သီးခေါင်းဆောင်တွေနဲ့ ဂျပန်ဝန်ကြီးချုပ် တွေ့မယ်

ဂျပန်နိုင်ငံဟာ ဗီယက်နမ်အတွက် အစိုးရဖွံ့ဖြိုးရေးအကူအညီ (ODA) အများဆုံးပေးနေတဲ့ နိုင်ငံဖြစ်သလို အဓိကရင်းနှီးမြှုပ်နှံသူနဲ့ ကုန်သွယ်ဘက်နိုင်ငံလည်း ဖြစ်ပါတယ်။

၂၊ မေ။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီဟာ မေလ ၂ ရက်၊ စနေနေ့ မှာ ဗီယက်နမ် ထိပ်သီးခေါင်းဆောင်တွေနဲ့ ဟနွိုင်းမြို့မှာ တွေ့ဆုံသွားမှာပါ။

လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသအကြောင်းကို သူက မိန့်ခွန်းပြောကြားသွားမယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အဆိုပါ ခရီးစဉ်ဟာ အောက်တိုဘာလမှာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း တာကာအီချီရဲ့ ပထမဆုံး ဗီယက်နမ်ခရီးစဉ်လည်း ဖြစ်ပါတယ်။

စွမ်းအင်လုံခြုံရေး၊ ကုန်စည်စီးဆင်းမှု ကွင်းဆက် ခိုင်မာအားကောင်းစေရေးနဲ့ နည်းပညာဆန်းသစ်တီထွင်မှုတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ဖို့ သူက ရည်မှန်းထားတယ်လို့ ဗီယက်နမ်အစိုးရ မီဒီယာတွေက ဆိုပါတယ်။

စနေနေ့မှာတော့ သူဟာ ဗီယက်နမ်ဝန်ကြီးချုပ် လီမင်ဟန်နဲ့အတူ ပြီးခဲ့တဲ့လကမှ သမ္မတဖြစ်လာတဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ်တို့နဲ့ တွေ့ဆုံမှာပါ။

ဂျပန်နိုင်ငံဟာ ဗီယက်နမ်အတွက် အစိုးရဖွံ့ဖြိုးရေးအကူအညီ (ODA) အများဆုံးပေးနေတဲ့ နိုင်ငံဖြစ်သလို အဓိကရင်းနှီးမြှုပ်နှံသူနဲ့ ကုန်သွယ်ဘက်နိုင်ငံလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံကုန်သွယ်မှုဟာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ ကျော်လွန်ခဲ့ပါတယ်။ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ထဲက တရုတ်ရဲ့ ပိုင်နက်နယ်မြေတောင်းဆိုမှုတွေအပေါ် နှစ်နိုင်ငံစလုံးက စိုးရိမ်နေကြတာပါ။

ဒါ့အပြင် အမေရိကန်ကြောင့်ဖြစ်လာမယ့် ကုန်သွယ်ရေးဆိုင်ရာ အနှောင့်အယှက်တွေကို ကာကွယ်ဖို့အတွက် စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေကို ချဲ့ထွင်ဖို့ နှစ်ဘက်စလုံးက ကြိုးပမ်းနေကြပါတယ်။

ဒါပေမဲ့ ဟနွိုင်းကတော့ သူတို့ရဲ့ ရိုးရာ ဝါးပင်ဒီပလိုမေစီ နည်းလမ်းအတိုင်း ကမ္ဘာ့အင်အားကြီးနိုင်ငံအားလုံးနဲ့ အဆင်ပြေအောင်နေဖို့ ရည်မှန်းထားပါတယ်။

စနေနေ့မှာပြောမယ့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မိန့်ခွန်းမှာ တာကာအီချီဟာ လုံခြုံရေး၊ လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့ စွမ်းအင်နဲ့ အရေးကြီးတဲ့ သတ္တုတွင်းထွက်တွေအပါအဝင် တည်ငြိမ်တဲ့ ကုန်စည်စီးဆင်းမှု ကွင်းဆက်တွေရှိစေဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားမယ်လို့ သိရပါတယ်။

 

Ref – AFP