
ရေလက်ကြားမှာ ပိတ်မိနေတဲ့ ရေနံတင်သင်္ဘောတွေနဲ့ တခြားသင်္ဘောတွေကို ဖြတ်သန်းသွားလာနိုင်အောင် သမ္မတ ဒေါ်နယ်ထရမ့်က ကြိုးပမ်းနေချိန်မှာပဲ အခုလို တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတာပါ။
၅၊ မေ။
ဟော်မုဇ်ရေလက်ကြားကို အပြန်အလှန် ပိတ်ဆို့မှုတွေလုပ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ အမေရိကန်နဲ့ အီရန်တို့ဟာ တနင်္လာနေ့မှာတော့ ပင်လယ်ကွေ့အတွင်း တိုက်ခိုက်မှုအသစ်တွေ လုပ်နေတာကြောင့် အပစ်အခတ်ရပ်စဲရေးဟာ ပျက်ပြားမယ့်အခြေအနေဆိုက်နေပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အမေရိကန်နဲ့ အစ္စရေးက အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်းမှာ လူပေါင်းထောင်ချီ သေဆုံးခဲ့ရသလို အဓိက စွမ်းအင်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားဟာလည်း ပိတ်သလောက် ဖြစ်နေခဲ့ပါတယ်။
ရေလက်ကြားမှာ ပိတ်မိနေတဲ့ ရေနံတင်သင်္ဘောတွေနဲ့ တခြားသင်္ဘောတွေကို ဖြတ်သန်းသွားလာနိုင်အောင် သမ္မတ ဒေါ်နယ်ထရမ့်က ကြိုးပမ်းနေချိန်မှာပဲ အခုလို တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတာပါ။
တနင်္လာနေ့နှောင်းပိုင်းက ပင်လယ်ကွေ့အတွင်း ကုန်သည်သင်္ဘောအချို့မှာ ပေါက်ကွဲမှုနဲ့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး အမေရိကန်ဘက်ကတော့ အီရန်စစ်ဘက်သုံး လှေငယ် ခြောက်စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အမေရိကန်စစ်အခြေစိုက်စခန်းရှိရာ ယူအေအီးနိုင်ငံက ရေနံဆိပ်ကမ်းတခုလည်း အီရန်ရဲ့ ဒုံးကျည် ပစ်ခတ်မှုကြောင့် မီးလောင်ခဲ့ရပါတယ်။
သမ္မတထရမ့်ကတော့ ပိတ်မိနေတဲ့သင်္ဘောတွေကို ကူညီမယ့် “Project Freedom” ဆိုတဲ့ အစီအစဉ်အကြောင်းကို ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မပြောထားပါဘူး။
စစ်ရေးအရ လွှတ်တော်ရဲ့ ခွင့်ပြုချက်ယူရမယ့် သတ်မှတ်ရက်ထက် နှစ်ရက်ကျော်လွန်ပြီးမှ အခုလို ကြေညာခဲ့တာပါ။
ထရမ့်က စစ်ပွဲဟာ ပြီးဆုံးသွားပြီဖြစ်လို့ သတ်မှတ်ရက်ဆိုတာ အရေးမကြီးတော့ဘူးလို့ လွှတ်တော်ကို ပြောခဲ့ပေမဲ့ အမတ်အချို့ကတော့ ဒါကို ငြင်းခုံနေကြပါတယ်။ ပြီးခဲ့တဲ့လက အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်မှာ ကမ္ဘာ့အရေးအပါဆုံး စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို ဖွင့်လှစ်ဖို့ ပထမဆုံးအကြိမ်အဖြစ် စစ်ရေးအရ ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကတော့ သူတို့ခွင့်ပြုချက်ရှိမှသာ အဆိုပါလမ်းကြောင်းကို ဖြတ်နိုင်မယ်လို့ ပြောထားပြီး သင်္ဘောအာမခံကြေးတွေလည်း အဆမတန် တက်လာနေပါတယ်။
အမေရိကန် ရေတပ်က အီရန်ရဲ့ ပင်လယ်ပြင် ကုန်သွယ်ရေးကို သီတင်းပတ်ပေါင်းများစွာ ပိတ်ဆို့ထားခဲ့တာဟာ စစ်မကြေညာဘဲ တိုက်ခိုက်တာပဲလို့ အီရန်က ယူဆနေပါတယ်။
ဒါပေမဲ့ ထရမ့်ရဲ့ ဒီနောက်ဆုံးခြေလှမ်းဟာ အစပိုင်းမှာတော့ ထင်သလောက် ခရီးမပေါက်ဘဲ ဖြစ်နေပါတယ်။ ကုန်သည်သင်္ဘောတွေ ပိုပြီးဖြတ်သန်းလာတာမျိုး မရှိတဲ့အပြင် အီရန်ဘက်က အင်အားပြတုံ့ပြန်ဖို့ပါ ဆွပေးသလို ဖြစ်သွားပါတယ်။
အမေရိကန်စစ်သားတွေကို လက်ခံထားတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း တိုက်ခိုက်မယ်လို့ အီရန်က ခြိမ်းခြောက်ထားပြီး အဓိက သင်္ဘောလိုင်းကြီးတွေကတော့ တိုက်ခိုက်မှုတွေ တကယ်တမ်း ရပ်စဲသွားတာကို စောင့်ကြည့်ပြီးမှသာ ရေလက်ကြားကို ဖြတ်မယ်လို့ ပြောနေကြပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီကတော့ တနင်္လာနေ့က ဖြစ်ရပ်တွေဟာ စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရဘူးဆိုတာကို ပြသနေတယ်လို့ ပြောပါတယ်။
အမေရိကန်စစ်တပ်ကတော့ သူတို့ရဲ့ ကုန်သည်သင်္ဘော နှစ်စင်းဟာ ရေတပ်ဖျက်သင်္ဘောတွေရဲ့ အကူအညီနဲ့ ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အီရန်ဘက်က ဒါကို ငြင်းဆိုထားပေမဲ့ Maersk သင်္ဘောလိုင်းကတော့ အမေရိကန်အလံတင်ထားတဲ့ Alliance Fairfax သင်္ဘောဟာ တနင်္လာနေ့မှာ အမေရိကန်စစ်တပ်ရဲ့ အစောင့်အရှောက်နဲ့ ပင်လယ်ကွေ့ကနေ ထွက်ခွာနိုင်ခဲ့တယ်လို့ အတည်ပြုပါတယ်။
Ref – Reuters