
ပေါက်ကွဲရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးလုပ်ဆောင်ဖို့နဲ့ အဆိုပါ ဖြစ်စဉ်အတွက် တာဝန်ရှိသူတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ သမ္မတရှီက တောင်းဆိုထားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
၅၊ မေ။
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က မီးရှူးမီးပန်းစက်ရုံတခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ ၂၁ ဦး သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းထားတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မီးရှူးမီးပန်း ထုတ်လုပ်မှုရဲ့ အဓိကဗဟိုချက်ဖြစ်တဲ့ ဟူနန်ပြည်နယ်ရဲ့ မြို့တော် ချန်ရှာမှာ အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
ပေါက်ကွဲမှုဟာ မေလ ၄ ရက်၊ တနင်္လာနေ့ ညနေ ၄ နာရီ ၄၀ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တာလို့ CCTV နဲ့ ဆင်ဟွာသတင်းဌာနတွေရဲ့ အစီရင်ခံစာအရ သိရပါတယ်။
တရုတ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်က ဗီဒီယိုတွေမှာတော့ အဆောက်အအုံတွေ ပြိုကျပျက်စီးနေပြီး ပတ်ဝန်းကျင်တခုလုံး အပျက်အစီးတွေ ပြန့်ကျဲနေတဲ့ နေရာအကျယ်ကြီး တခုကနေ မီးခိုးလုံးကြီးတွေ အလိပ်လိုက် တက်နေတာကို တွေ့ရပါတယ်။
ရိုက်တာသတင်းဌာနအနေနဲ့တော့ အဆိုပါ ဗီဒီယိုဖိုင်တွေဟာ မှန်ကန်မှု ရှိ၊ မရှိဆိုတာကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
South China Morning Post သတင်းစာရဲ့ ဖော်ပြချက်အရ မီးသတ်သမားတွေ၊ ကယ်ဆယ်ရေးသမားတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း စုစုပေါင်း ၅၀၀ နီးပါးဟာ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကူညီခဲ့ကြပါတယ်။
ပေါက်ကွဲမှုဟာ Huasheng မီးရှူးမီးပန်း ထုတ်လုပ်ရေးကုမ္ပဏီမှာ ဖြစ်ပွားခဲ့တာလို့ မီဒီယာတွေက ဆိုပါတယ်။ ရိုက်တာသတင်းဌာနအနေနဲ့တော့ မှတ်ချက်တောင်းခံဖို့အတွက် အဆိုပါကုမ္ပဏီရဲ့ ဖုန်းနံပါတ်ကို ရှာဖွေလို့ မတွေ့ခဲ့ပါဘူး။
ပေါက်ကွဲရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးလုပ်ဆောင်ဖို့နဲ့ အဆိုပါ ဖြစ်စဉ်အတွက် တာဝန်ရှိသူတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ သမ္မတရှီက တောင်းဆိုထားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
ကမ္ဘာကျော် အချက်အလက် စင်တာ Observatory of Economic Complexity ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီယံဖိုးရှိတဲ့ မီးရှူးမီးပန်းတွေကို ပြည်ပကို တင်ပို့ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့အရောင်းဈေးကွက်ရဲ့ သုံးပုံနှစ်ပုံထက်မကတဲ့ ပမာဏဖြစ်ပါတယ်။
သမ္မတရှီက အဓိကလုပ်ငန်းကဏ္ဍကြီးတွေမှာ ဘေးအန္တရာယ်ရှိနိုင်ခြေ စစ်ဆေးမှုတွေနဲ့ ထိန်းချုပ်မှုတွေကို အားကောင်းအောင် လုပ်ဆောင်ဖို့၊ ပြည်သူ့ဘေးကင်းလုံခြုံရေးကို မြှင့်တင်ဖို့နဲ့ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အကာအကွယ်ပေးဖို့ အာဏာပိုင်တွေကို အမိန့်ပေးခဲ့ပါတယ်။
သမ္မတရှီဟာ လူသေဆုံးမှုများတဲ့ ကြီးမားတဲ့ မတော်တဆမှုတွေနဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပွားပြီးတဲ့နောက်မှာ ဒေသခံအရာရှိတွေကို အရေးကြီးတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း တရုတ်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးစွမ်းရည်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အဆင့်မြှင့်တင်ဖို့ သူက တိုက်တွန်းခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့တဲ့ ဟောင်ကောင်က Wang Fuk Court အဆောက်အအုံ မီးလောင်မှုဖြစ်စဉ်မှာလည်း သမ္မတရှီက အခုလိုပဲ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။
Ref – Reuters