
“အုပ်ချုပ်ရေးမှူးတွေက သူတို့စိတ်ကြိုက် ကောက်တာတော့ မဟုတ်ဘူး။ သူတို့အပေါ်မှာ တပ်ကဗိုလ်တွေရှိတယ်။ သူ့တို့ကိုလည်း ခွဲပေးရတယ်။ ကျန်တာ ကတော့ အုပ်ချုပ်ရေးအဖွဲ့ကကောင်တွေ ရတယ်”
၅၊ မေ။
ဧရာ၀တီတိုင်း မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စုအတွင်း အုပ်စုအုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းကြေး ကို အရင်က ရှစ်သောင်းဝန်းကျင်သာ ကောက်ခံနေခဲ့ရာကနေ အခုအခါ တသိန်းခွဲထိ တိုးကောက်နေတယ်လို့ ဒေ သခံတွေက ပြောကြပါတယ်။
“အစိုးရသစ်တက်ပြီးမှ တိုးသွားတာ။ သင်္ကြန်ကာလ တလရှိပြီ တသိန်းခွဲပေးရတယ်။ စစ်တပ်ကကောင်တွေနဲ့ ပေါင်းပြီး စားပေါက်တွေ့သွားတယ်။ ရွာသားတွေကိုလည်း တော်တော်အနိုင်ကျင့်တယ်။ မဲမနှိုက်ချင် လုံး၀လွတ်ချင်ရင် ငါးသိန်းပေး၊ ဆယ်သိန်းပေးနဲ့ အဲလိုမျိုးလည်း တောင်းစားသေးတယ်” လို့ အမည်မဖော် လိုသူ မြန်အောင်ဒေသခံတဦးက ပြောပါတယ်။
အဲဒီလို စစ်မှုထမ်းကြေး တိုးကောက်နေတဲ့အပြင် ရွာသားတွေကိုလည်း ပြည်သူ့စစ်သဘောမျိုး ကင်းစောင့်ခိုင်းတာ တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီလို ကောက်ခံနေတာဟာ လဟာပေါက်ကျေးရွာအုပ်စုရှိ ပေကုန်းနဲ့ နှော ကုန်းကျေးရွာတို့မှာ ကောက်ခံနေတာ ဖြစ်ပြီး အုပ်စုအုပ်ချုပ်ရေးမှူး ဦးအုန်းသန်းဆိုသူ ဦးဆောင်ကောက်ခံနေတာ လို့ ဆိုပါတယ်။
အခြေအနေကိုသိထားတဲ့ နောက်ထပ်မြန်အောင်ဒေသခံတဦးက “အုပ်ချုပ်ရေးမှူးတွေက သူတို့စိတ်ကြိုက် ကောက်တာတော့ မဟုတ်ဘူး။ သူတို့အပေါ်မှာ တပ်ကဗိုလ်တွေရှိတယ်။ သူ့တို့ကိုလည်း ခွဲပေးရတယ်။ ကျန်တာ ကတော့ အုပ်ချုပ်ရေးအဖွဲ့ကကောင်တွေ ရတယ်” လို့ ပြောပါတယ်။
သူနေထိုင်တဲ့ မြန်အောင်မြို့နယ် မကျည်းကုန်းကျေးရွာအုပ်စုမှာလည်း စစ်မှုထမ်းကြေးအနေနဲ့ တလမှာ တသိန်းဝန်းကျင် ပေးနေရတယ်လို့ ဆိုပါတယ်။
မြန်အောင်မြို့နယ်အပြင် ဖျာပုံ၊ ရေကြည်၊ အင်္ဂပူ၊ ဘိုကလေးမြို့နယ်တို့မှာလည်း စစ်မှုထမ်းကြေးတွေ တိုးပေးနေ ကြရပြီး အာဏာသိမ်းစစ်တပ်က စိတ်ကြိုက်ဖန်တီးထားတဲ့ အသွင်ပြောင်းအစိုးရသစ်လက်ထက်မှာလည်း ပြောင်းလဲလာတာ မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီစစ်မှုထမ်းအခြေအနေတွေနဲ့ ပက်သက်လို့ ဧရာ၀တီတိုင်းလွှတ်တော်မှာ ရောက်နေတဲ့ အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားတဦးကတော့ မေးခွန်းနဲ့ အဆိုတွေ တင်သွင်းရတဲ့အခြေအနေပေါ် မူတည်ကာ စစ်မှုထမ်း ကိစ္စ မေးမြန်းသွားဖို့ရှိတယ်လို့ ပြောထားပါတယ်။
စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက စစ်မှုထမ်းဥပဒေကို ပြဌာန်း၊ ပြည်သူတွေကို အတင်းအ ကြပ် စစ်သင်တန်းပေး ရှေ့တန်းပို့နေကာ အခုအခါဆိုရင် အပတ်စဉ် ၂၄ ထိရှိခဲ့ပြီ ဖြစ်ပြီး အပတ်စဉ်တခုမှာ စစ်သား ငါးထောင်နှုန်းနဲ့ တွက်ရင် စစ်မှုထမ်းလိုက်သွားရသူ တသိန်းနှစ်သောင်းထိ ရှိခဲ့ပြီဖြစ်ပါတယ်။
တောင်သူလယ်သမား အများစုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေဟာ သွင်းအားစု စျေးကြီးတာ၊ စပါးစျေးကောင်း မရတာတွေကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန် အခုလိုမျိုး စစ်မှုထမ်းစရိတ်ပါ လ စဉ်ပေးနေကြရတာကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
အချို့လူငယ်တွေဆိုရင် စစ်မှုမထမ်းချင်တာကြောင့် ထိုင်းအပါအဝင် နိုင်ငံရပ်ခြားကို ပွဲစားတွေ ဆီကတဆင့် ထွက် သွားကြရပြီး လမ်းခုလပ်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
ဧရာ၀တီတိုင်းအတွင်းရှိ လူငယ်တွေထဲက ၉၂ ရာခိုင်နှုန်းကျော်ဟာ စစ်မှုထမ်းဥပဒေကြောင့် သူတို့ရဲ့ အလုပ်အကိုင် နဲ့ ပညာရေးအပေါ် သက်ရောက်မှုရှိနေတယ်လို့ ကရင်လူငယ်သုတေသနအဖွဲ့က ဒေသခံ ၁၁၉ ဦးကို မေးမြန်း စစ် တမ်းကောက်၊ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ပြောထားကြပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာ၊ ပြောင်းရွှေ့ရသူ ၆၈ ရာခိုင်နှုန်း၊ အဓမ္မလူသစ်စုဆောင်းခြင်းနဲ့ ငွေ ကြေးအမြတ်ထုတ်ခံရမှုကြုံရသူ ၄၄ ရာခိုင်နှုန်းရှိတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်မှုထမ်း လစဉ်ကြေးအနေနဲ့လည်း တလမှာ တသိန်းအထက် ပေးရသူ ၁၀ ရာခိုင်နှုန်းကျော်၊ ငါးသောင်းကနေ တသိန်းထိ ပေးရသူ ၃၆ ရာခိုင်နှုန်းကျော်နဲ့ ငါးသောင်းအောက်ပေးရသူ ၅၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။