မိုးမိတ်မြို့အနီးက စစ်ကောင်စီစခန်းသုံးခုကို သိမ်းပိုက်နိုင်ပြီလို့ TNLA ပြော 

Photo – TNLA

ဇူလိုင်၊ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အနီးက စစ်ကောင်စီစခန်းသုံးခုကို မနေ့ညနေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချိုမြို့က လက်ကျန်စစ်ကောင်စီတပ်ဖြစ်တဲ့  ၆၀၆ ဒုံးတပ်ရင်း၊သီပေါနဲ့ မိုးကုတ်တို့မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ တအာင်းတပ် TNLA က ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။

မိုးမိတ်က လက်ခုပ်ပင်၊လက်ခုပ်သံနဲ့ လယ်ကြီးစခန်းတို့ကို TNLA ပူးပေါင်းတပ်က မနေ့ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။

အဲ့ဒီစခန်းသုံးခုထဲက လက်ခုပ်ပင် ကျေးရွာဟာ မိုးမိတ်မြို့အနောက်ဘက် မိုးမိတ်-တွင်းငယ်လမ်းပေါ်မှာရှိတဲ့ ရွာ ကြီးတရွာဖြစ်ကာ လယ်ကြီးရွာကတော့ မိုးမိတ်မြို့အနောက်ဘက် တမိုင်ကျော်ဝန်းကျင်အကွာမှာ ရှိတာဖြစ်ပါ တယ်။

ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း အစပ်မြို့နယ်တွေဖြစ်တဲ့ မိုးကုတ်၊နောင်ချိုတို့အပြင် ကျောက်မဲမြို့တို့ကိုပါ TNLA ပူးပေါင်းတပ်တွေက ဇွန်လ ၂၅ရက်မှာ စတင်တိုက်ခိုက်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းထိုးစစ်တွေ စတင်ခဲ့ပါ တယ်။

အဲ့ဒီနောက် သီပေါနဲ့ မိုးမိတ်မြို့နယ်တွေထဲမှာလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ပြီး မိုး မိတ် မြို့ဘက်ကို စစ်ကောင်စီဘက်က စစ်ကူပေးနိုင်တဲ့လမ်းကြောင်းတခုဖြစ်တဲ့ တွင်းငယ်-မိုးမိတ်လမ်းပိုင်းကိုလည်း TNLA ပူးပေါင်းတပ်တွေက လက်ရှိထိုးစစ်ကာလအတွင်းမှာပဲ ထိန်းချုပ်ခဲ့ပါတယ်။

လက်ရှိမှာ TNLA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ မိုးမိတ်မြို့အနီးတဝိုက် မိုင်အနည်းငယ်အကွာအထိ ရောက်လာ တာဖြစ်ပါတယ်။  

လက်ခုပ်ပင်နဲ့ လက်ခုပ်သံ စခန်းတွေကို TNLA ပူးပေါင်းတပ်က မနေ့က သိမ်းပိုက်ပြီးနောက် အဲ့ဒီရွာရဲ့အရှေ့ဘက် မိုင်အနည်းငယ်အကွာက ရွှေဇာလီရွာထဲကို မိုးမိတ်မြို့ထဲရှိနေတဲ့ စစ်ကောင်စီက ဒီကနေ့လက်နက်ကြီးလေးကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဖော်ပြပါတယ်။

သီပေါမြို့နယ် သီပေါတံတား အနီးတဝိုက်၊နောင်ချိုမြို့က လက်ကျန်စစ်ကောင်စီတပ်ဖြစ်တဲ့ ဒုံး တပ်ရင်း ၆၀၆ ၊မိုးကုတ်မြို့နယ် မိုင်တိုင်(၅)နဲ့ အိုက်ဆောင်တောင်အနီးတဝိုက်တို့မှာလ်းဒီကနေ့ မနက်ပိုင်းကစပြီးတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

အလားတူ TNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ငြိမ်းချမ်းရေးကုန်းဘက်ကို အဲ့ဒီမြို့အနီး ကလက်ကျန်စစ်ကောင်စီတပ်ဖြစ်တဲ့ ခမရ ၅၀၁ ကနေ လက်နက်ကြီလေးကြိမ်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မသိရသေးပါ ဘူး။

စစ်ကောင်စီကတော့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေနဲ့ နောင်ချိုမြို့တွင်း စာသင်ကျောင်းတို့ကို ဂျက်ဖိုက် တာ၊Y-12 လေယာဉ်တွေနဲ့ စုစုပေါင်း ဆယ်ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ TNLAထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။